Wednesday, February 11, 2026
spot_img
spot_img

Thai Fight ပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့မယ် ဘရော်နီကာ ပြိုင်ဘက်ဘရာဇီးလ်နိုင်ငံသူမာရီယာနာကို အလဲထိုးဖြင့် အနိုင်ရ

Thai Fight မွေထိုင်းပြိုင်ပွဲကို ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Asiatique,The Riverfront တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ရိုးရာလက်ဝှေ့မယ် ကယန်းတိုင်းရင်းသူ ဘရော်နီကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် ဘရော်နီကာသည် ပြိုင်ဘက် ဘရာဇီးလ်နိုင်ငံသူ မွေထိုင်းလက်ဝှေ့မယ် မာရီယာနာကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပထမအချီတွင် အမျိုးသမီးမွေထိုင်းကစားသမားနှစ်ဦးစလုံး လက်သီးချင်းအပြိုင်ယှဉ်ထိုးခဲ့ပြီး ဘရာဇီးလ်မွေထိုင်းမယ် မာရီယာနာကလည်း ဘရော်နီကာကို ရဲရဲရင့်ရင့်တုံ့ပြန်ရင်ဆိုင်နိုင်ခဲ့သည်။

ပထမအချီတွင် နှစ်ဦးစလုံး၏ လက်ရည်မှာ ခြားနားခြင်းမရှိခဲ့ဘဲ မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့သောကြောင့် ကြည့်ကောင်းသည့်ပွဲဖြစ်ခဲ့သည်။

ဒုတိယအချီတွင်မူ ဘရော်နီကာက တိုက်စစ်အရှိန်ကိုမြှင့်ခဲ့ပြီး လက်သီးတွဲလုံးများအပြင် တံတောင်ရိုက်ချက်များ တရစပ်အသုံးပြုလာခဲ့သည်။

ဘရော်နီကာ၏ ညာတံတောင်ရိုက်ချက်ကြောင့် ဘရာဇီးလ်သူမွေထိုင်းမယ်မာရီယာနာမှာ ယိုင်ဆင်းသွားသော်လည်း လဲမကျသွားခဲ့ပေ။

သို့သော် ဘရော်နီကာက အခွင့်အရေးကို လက်လွတ်မခံပဲ ဆက်တိုက်ဆိုသလို လက်သီးတွဲလုံးများအပြင် ခြေကန်ချက်များပါ တရစပ်အသုံးပြုခဲ့၍ မာရီယာနာမှာ ဒူးထောက်ထိုင်ကျခဲ့ရသည်။

ထို့နောက်တွင် ဘရော်နီကာကပင် အသာစီးရရှိခဲ့ပြီး မာရီယာနာကို အခွင့်အရေးမပေးတော့ပဲ လက်သီးတွဲလုံးများ၊ တံတောင်ရိုက်ချက်များ၊ ဘယ်ညာခြေကန်ချက်များဖြင့် မနားတမ်းတိုက်စစ်ဆင်ခဲ့သည်။

ဘရော်နီကာ၏ မနားတမ်းတိုက်စစ်ဆင်ထိုးချက်များကြောင့် မာရီယာနာမှာ ကြိုးဝိုင်းထောင့်နားကပ်သွားချိန်တွင် ဘရော်နီကာ၏ လက်သီးတွဲလုံးများက မာရီယာနာ၏ ရင်ညွန့်များအပေါ်ကျရောက်မှုကြောင့် ခံနိုင်ရည်မရှိတော့ပဲ ပြိုလဲကျခဲ့ရသည်။

ထို့ကြောင့် ဘရော်နီကာသည် ဒုတိအချီအရောက်မှာပင် ဘရာဇီးလ်သူမွေထိုင်းမယ်မာရီယာနာကို အလဲထိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

မြန်မာ့ရိုးရာလက်ဝှေ့မယ် ကယန်းတိုင်းရင်းသူ ဘရော်နီကာသည် Thai Fight ပြိုင်ပွဲ ခြောက်ပွဲမြောက်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး ခြောက်ပွဲစလုံးအနိုင်ရထားကြောင်း သိရသည်။

ဘရော်နီကာသည် ယခုပွဲမတိုင်မီ Thai Fight ငါးပွဲ ထိုးသတ်ထားရာ လေးပွဲကို အလဲထိုးဖြင့် အနိုင်ရထားပြီး တစ်ပွဲကို အမှတ်ဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ဘရော်နီကာသည် Thai Fight စတင်ထိုးသတ်သည့် ပထမဆုံးနှစ်ပွဲတွင် ထိုင်းနိုင်ငံသူ မွေထိုင်းလက်ဝှေ့မယ်များကို အလဲထိုးဖြင့် အနိုင်ရခဲ့ပြီး တတိယပွဲတွင် အီရန်နိုင်ငံသူ ဆာနက်ဇ်ကို အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

စတုတ္ထပွဲတွင် အမေရိကန်သူ အိန်ဂျယ်လာချန်ကို အမှတ်ဖြင့် အနိုင်ရခဲ့ပြီး ငါးပွဲမြောက်တွင် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ပလိုင်ဖကို အလဲထိုးဖြင့် အနိုင်ရထားသည်။

ဘရော်နီကာသည်ရှုံးပွဲမရှိသေးဘဲ ခြောက်ပွဲဆက်တိုက်အနိုင်ရထားခြင်းဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments