၂၀၀၇ ခုနှစ်မှာ အမေရိကန် မေဂျာလိဂ်ဟာ သမိုင်းတွင်မယ့် လုပ်ဆောင်ချက်တခုကို ပြုလုပ်ခဲ့ ပါတယ် ။ ရီးရဲမက်ဒရစ် မှာ ကစားနေတဲ့ ၃၂ နှစ်အရွယ် အင်္ဂလန် ကစားသမားကြီး ဒေးဗစ် ဘက်ခမ်း ကို LA Galaxy အသင်းက ခေါ်ယူနိုင်ဖို့ ပါဝင် ကူညီပေးခဲ့တာပါ ။
ဘက်ခမ်း ဟာ LA Galaxy နဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီး မေဂျာလိဂ်သမိုင်းရဲ့ အကြီးကျယ် အခမ်းနားဆုံး သမိုင်း ဖြစ်ရပ် ဖြစ်လာခဲ့ ပါတယ် ။ ဘက်ခမ်း ဟာ အဆိုပါ ၅ နှစ် အတွင်းမှာ ဒေါ်လာ ၂၅၅ သန်း အထိ ပိုင်ဆိုင် နိုင်ခဲ့ပြီး အေစီမိလန် အသင်းဆီကိုလည်း ၂ ကြိမ် အငှားထွက်ကစားနိုင်ခဲ့ ပါတယ် ။
ဘက်ခမ်း အတွက် ခွင့်ပြုပေးခဲ့တဲ့ အရာတွေထဲမှာ တန်ဖိုး အရှိဆုံး ကတော့ အင်္ဂလန်သားကြီး ဘောလုံးမကစားဘဲ အနားယူသွားတဲ့ အခါမှာ မေဂျာလိဂ် မှာ ကလပ်အသင်းတသင်းကို ဝယ်ယူ/ထူထောင် နိုင်တယ်ဆိုတဲ့ ခွင့်ပြုချက်ပါပဲ ။

အဲ့ဒိနောက်မှာတော့ ဘက်ခမ်း ဟာ အင်တာမိုင်ယာမီ အသင်းကို တည်ထောင်လိုက်ပါတော့တယ် ။ ဘက်ခမ်း ရဲ့ ကျော်ဇောမှုကြောင့် မိုင်ယာမီ အသင်းဟာ ( မေဂျာလိဂ်မှာ အောင်မြင်မှု မရှိလင့်ကစား ) အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော် တန်ဖိုး ရှိနေခဲ့ပါတယ် ။ ဒါပေမယ့် ဘက်ခမ်း ရဲ့ အစီအစဉ်တွေက ဒီနေရာမှာတင် ရပ်မသွားခဲ့ ပါဘူး ။
ဥရောပ ရဲ့ အကျော်အမော် ကစားသမားတွေကို သူ့အသင်းဆီ လာကစားဖို့ လိုက်လံ စည်းရုံးခဲ့ပါတယ် ။ ဂွန်ဇာလို ဟီဂွာအင် ဟာ ဘက်ခမ်း ဆီကို ရောက်လာတဲ့ ပထမဆုံးသော Big Name ပါ ။ အဲ့ဒိနောက်မှာတော့ ဘက်ခမ်း တို့ အံ့ဖွယ် ခုန်လွှားခဲ့ပါတယ် ။ ပူပူနွေးနွေး ကမ္ဘာ့ချန်ပီယံ ၊ ရွှေဘောလုံး ၇ ဆုရှင် ၊ ဘောလုံးသမိုင်းတလျောက် အကောင်းတကာ့ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ လီယွန်နယ် မက်ဆီ ကို အင်တာမိုင်ယာမီ ဆီ အရောက် ခေါ်ဆောင်လိုက်ပါတယ် ။ မက်ဆီ ရဲ့ ဘာစီလိုနာ တုန်းက အသင်းဖော် ဆာဂျီယို ဘူးစကွက် ကိုလည်း တပါတည်း ခေါ်ဆောင် နိုင်ခဲ့တာပါ ။

အခုချိန်မှာတော့ မက်ဆီ ကို အင်တာမိုင်ယာမီ ကစားသမား အဖြစ် မိတ်ဆက်ပေးခဲ့ ပြီးပါပြီ ။ အာဂျင်တိုင်းသားကြီး ရောက်ရှိလာမှုဟာ ဒေးဗစ် ဘက်ခမ်း ရဲ့ အသင်းအပေါ် ဘယ်လောက်အထိ သက်ရောက်မှု ရှိစေမလဲဆိုတာ မသိနိုင်သေး ပေမယ့် မေဂျာလိဂ် နဲ့ အမေရိကန် ဘောလုံးအပေါ်မှာတော့ များစွာ သက်ရောက်နေစေခဲ့ပါပြီ ။ မိုင်ယာမီ အသင်းရဲ့ တန်ဖိုးဟာလည်း ဒေါ်လာ ၁ ဘီလီယံ အထိ တန်ဖိုးတက်လာခဲ့ ပါတယ် ။
ဒါတွေဟာ လီယွန်နယ် မက်ဆီ လို့ ခေါ်တဲ့ GOAT အဆင့် ကစားသမားမျိုးကို ပိုင်ဆိုင်ရခြင်းရဲ့ အကျိုးဆက်ပါပဲ ။
ဒါတွေ အားလုံးဟာ ၂၀၀၇ ခုနှစ် ၊ အမေရိက မြေပေါ်ကို ဒေးဗစ် ဘက်ခမ်း စတင် ခြေချစဉ်က အစပြုခဲ့တာပါ ။






