စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ဥက္ကဋ္ဌ ရူဘီယာလက်စ်၏ နှုတ်ခမ်းချင်းနမ်းသည့် ပြဿနာကြောင့် ၎င်းအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ရာထူးမှ ဆိုင်းငံ့ထားပြီး ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံဆုရအသင်းမှ နည်းပြ ဗီလ်ဒါမှလွဲ၍ ကျန်နည်းပြအဖွဲ့ဝင်အားလုံး နုတ်ထွက်ခဲ့ကြောင်း သိရသည်။
သြဂုတ် ၂၀ ရက်တွင် စပိန်အသင်းက အင်္ဂလန်အသင်းအား အနိုင်ရဗိုလ်စွဲသည့် ၂၀၂၃ အမျိုး သမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပြီး ဆုပေးအပ်ချီးမြှင့်စဉ် RFEF ဥက္ကဋ္ဌ ရူဘီယာလက်စ်က ပွဲချိန်အတွင်း ပယ်နယ်တီလွဲချော်ခဲ့သူ တိုက်စစ်ကစားသမား ဟာမိုဆိုကို ပွေ့ဖက်နှုတ်ဆက်၍ နှုတ်ခမ်းအား နမ်းခဲ့သောကြောင့် ပြဿနာဖြစ်ပွားနေခြင်းဖြစ်သည်။ သောကြာနေ့က ပြုလုပ်သည့် RFEF အရေးပေါ် အထွေထွေအစည်းအဝေးတွင် ရူဘီယာလက်စ်က ရာထူးမှနုတ်ထွက်မည်မဟုတ်ကြောင်း ကြေညာခဲ့သော်လည်း FIFA က ၎င်းင်း၏ရာထူးကို နိုင်ငံနှင့် နိုင်ငံတကာအဆင့် ဘောလုံးနှင့်ပတ်သက်သည့် ဆောင်ရွက်မှုများပြုလုပ်ခွင့် ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။ FIFA သည် ရူဘီယာလက်စ်၏ အပြုအမူနှင့်ပတ်သက်၍ ကြာသပတေးနေ့တွင် စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီး ရာထူးမှယာယီရပ်ဆိုင်းသည့်ကာလမှာ ကနဦး ရက် ၉၀ ဖြစ်သလို ရူဘီယာလက်စ်အပါအဝင် မည်သည့် RFEF အဖွဲ့ဝင်မဆို ဟာမိုဆိုအား ဆက်သွယ်ရန် ကြိုးပမ်းခြင်းမလုပ်ရဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

FIFA ၏ ကြေညာချက်ထွက် ပေါ်လာပြီးနောက် ရူဘီယာလက်စ်အနေဖြင့် ဥပဒေအရ ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း RFEF က တုံ့ပြန်ကြေညာခဲ့ပြီး ဒုဥက္ကဋ္ဌဖြစ်သူ ပတ်ဒရိုရိုချာဟွန်ကိုက ယာယီတာဝန် ယူဆောင်ရွက်သွားမည်ဖြစ်သည်။ ရူဘီယာလက်စ်၏အပြုအမူကို စပိန်အစိုးရအပါအဝင် နိုင်ငံတကာမှ ဝေဖန်မှုများ ပြုလုပ်လျက်ရှိသော်လည်း ၎င်းကမူ RFEF အရေးပေါ်အထွေထွေအစည်းအဝေးတွင် ရာထူးမှ နုတ်ထွက်မည်မဟုတ်ကြောင်း ငါးကြိမ်တိုင် ထုတ်ဖော်ကြေညာခဲ့ပြီး အဆုံးအထိ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ၎င်းအနေဖြင့် အစည်းအဝေးတွင် ရာထူးမှနုတ်ထွက်မည်ဟု ခန့်မှန်းထားသော်လည်း ယင်းကဲ့သို့ ပြောကြားခဲ့သောကြောင့် ကမ္ဘာ့ဖလားချန်ပီယံဆုရ ကစားသမား ၂၃ ဦးစလုံးအပါအဝင် စပိန်အမျိုးသမီးကစားသမား ၈၁ ဦးက RFEF ဥက္ကဋ္ဌနေရာမှ ရူဘီယာလက်စ်ကို မဖယ်ရှားမချင်း စပိန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးမည်မဟုတ်ကြောင်း လက်မှတ်ရေးထိုး၍ တောင်းဆိုခဲ့သလို ဘက်တစ်အသင်းတိုက်စစ်မှူး ဘော်ယာကလည်း ၎င်းရှိနေလျှင် စပိန်အမျိုးသားအသင်း၌ ကစားတော့မည်မဟုတ်ဟု ပြောကြားထားသည်။

ထို့ပြင် စပိန်အမျိုးသမီးအသင်း နည်းပြ ဟော်ဟဲဗီလ်ဒါမှလွဲ၍ လက်ထောက်နည်းပြသုံးဦး၊ ကြံ့ခိုင်ရေး နည်းပြတစ်ဦး၊ ဂိုးနည်းပြတစ်ဦးအပါအဝင် ကျန်နည်းပြအဖွဲ့ဝင်ခြောက်ဦးက ရာထူးမှနုတ်ထွက်ကြောင်း စနေနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဗီလ်ဒါကမူ ရာထူးမှနုတ်ထွက်ခြင်းမရှိသော်လည်း ရူဘီယာလက်စ်၏ အပြုအမူမှာ သင့်လျော်မှုမရှိသလို လက်ခံနိုင်စရာမရှိကြောင်း ဝေဖန်ပြောကြားသည်။ ရူဘီယာလက်စ်အနေဖြင့် ဟာမိုဆို၏နှုတ်ခမ်းကို နမ်းခဲ့သောကြောင့် အရေးယူခံရဖွယ်ရှိနေစဉ် တိုက်စစ်မှူး ကက်စတီလိုကို ပခုံးဖြင့်ထမ်းထားသည့် ဓာတ်ပုံများလည်း ထပ်မံထွက်ပေါ်လာကြောင်း သိရသည်။
ရူဘီယာလက်စ်(၄၆ နှစ်)သည် လီဗန်တေးအပါအဝင် စပိန်ကလပ်များတွင် ကစားဖူးသည့် နောက်ခံလူဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် အနားယူခဲ့သည်။ ထို့နောက် ၎င်းသည် စပိန်ဘောလုံးသမားများ အဖွဲ့ချုပ် (AFE) ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီး ၂၀၁၈ ခုနှစ် မေလတွင် RFEF ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်ခံရခြင်းဖြစ်သည်။






