တနင်္လာနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့ အဲဗာတန်တို့ရဲ့ ၂၄၂ ကြိမ်မြောက် မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ လီဗာပူးက အဲဗာတန်ကို ၂-၀ နဲ့အနိုင်ရရှိလိုက်ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်းမှာ လီဗာပူးရဲ့ ပထမဆုံး ပရီးမီးယားလိဂ်အနိုင်ပွဲဖြစ်သလို မန်နေဂျာသစ် ရှောင်ဒိုက်ချ်နဲ့ အဲဗာတန်အသင်းရဲ့ ဟန်းနီးမွန်းကာလလည်းကုန်ဆုံးသွားပြီဖြစ်တယ်လို့ မီဒီယာတွေက ရေးပါတယ်။

ရှောင်ဒိုက်ချ်ပထမဆုံကိုင်တွယ်တဲ့ပွဲမှာ အဲဗာတန်က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးမှာ လူသိရှင်ကြားပြသနာတွေများလွန်းတာကြောင့် ဒီတစ်ခါမာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ အန်ဖီးမှာ ရလဒ်တစ်စုံတစ်ရာရမယ်လို့ ရှောင်ဒိုက်ချ်က မျှော်လင့်ခဲ့ပုံရပါတယ်။ ဒါပေမယ့် လီဗာပူးကို မယှဉ်နိုင်ပဲ ၂ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့အပြင် လီဗာပူးရဲ့ ဒတ်ချ်ကစားသမားသစ် ဂက်ပိုကလည်း သူ့ရဲ့အနီရောင်အသင်းအတွက် ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

အန်ဖီးကွင်းအတွင်းက ပရိသတ်အချို့က အဲဗာတန်တော့တန်းဆင်းရတော့မယ် အန်ဖီးမှာ နောက်ဆုံးတစ်ကြိမ်လာကစားရတဲ့ အခွင့်အရေးဖြစ်မယ် စသဖြင့် သီချင်းလုပ်ဆိုတာကိုလည်း ရှောင်ဒိုက်ချ်တို့ ခံစားခဲ့ရပါတယ်။
လီဗာပူးအတွက်ဂိုးတွေကို ဆာလာနဲ့ ဂက်ပိုတို့ကသွင်းယူခဲ့တာပဲဖြစ်ပါတယ်။ ပွဲချိန် ၃၅ မိနစ်မှာ နူညက်ဇ်ရဲ့ဖန်တီးပေးမှုကတဆင့် ဆာလာက အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ လီဗာပူးကွင်းဘက်မှာ ဘောလုံးရလာတဲ့ နူညက်ဇ်ဟာ ဆာလာနဲ့ အပေးအယူလုပ်ပြီး ကိုက်ပေါင်း ၅၀ လောက်ဘောလုံးကို သယ်ပြေးလာခဲ့ပါတယ်။ အင်္ဂလန်ဂိုးသမားပစ်ဖို့က ဂက်ပိုဘောလုံးရသွားမှာ စိုးရိမ်လို့ ရှေ့တက်ပိတ်ချိန်မှာ ဂိုးကလွတ်နေပြီး ဆာလာက ဂိုးသွင်းသွားခြင်းပဲ ဖြစ်ပါတယ်။ ဒီဂိုးက ဆာလာအတွက် အန်ဖီးမှာစုစုပေါင်း ၁၀၄ ပွဲကစား ၇၁ ဂိုးသွင်းပြီး ၂၉ ဂိုးဖန်တီးနိုင်ခြင်းအဖြစ် ဂိုးပါဝင်ပတ်သက်မှု အကြိမ် ၁၀၀ ပြည့်ခြင်းအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။

ပွဲချိန် ၄၉ မိနစ်မှာ ဂက်ပိုက လီဗာပူးအတွက်ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ရော်ဘတ်ဆန်က ပြိုင်ဘက်ကစားသမား အီဝိုဘီဆီကနေဘောလုံးရလာပြီး ဟန်ဒါဆန် ဆာလာတို့အကူအညီနဲ့ အတူ အလက်ဇန်းဒါးအာနိုးဆီ ရောက်သွားပါတယ်။ အာနိုးက ချိုးပေးလိုက်တဲ့ဘောလုံးကို ဂက်ပိုက ပြေးဝင်ပိတ်လိုက်ခြင်းပဲဖြစ်ပါတယ်။
အဲဗာတန်က ဒီပွဲအပြီးမှာ တန်းစီဇယားရဲ့ အဆင့် ၁၈ နေရာမှာ ရပ်တည်နေပြီး လီဗာပူးကတော့ အဆင့် ၉ နေရာမှာ ရပ်တည်ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ အဆင့် ၄ နေရာက နယူးကာဆယ်နဲ့ ၉ မှတ်ကွာဟနေပါတယ်။






