Monday, February 9, 2026
spot_img
spot_img

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒေါ်လာ ၁၅၂ သန်း ပေးအပ်မည်ဖြစ်ပြီး ၂၀၁၉ ပြိုင်ပွဲထက် သုံးဆကျော်မြင့်တက်လာ

သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံ၌ ပူးတွဲကျင်းပမည့် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆုကြေးအပါအဝင် စုစုပေါင်း ဒေါ်လာ ၁၅၂ သန်း ပေးအပ်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုက အတည်ပြုကြေညာခဲ့သည်။

ကြာသပတေးနေ့က ရဝမ်ဒါနိုင်ငံ ကီဂါလီမြို့၌ ကျင်းပသည့် ၇၃ ကြိမ်မြောက် FIFA ကွန်ဂရက်တွင် ဥက္ကဋ္ဌလေးနှစ်သက်တမ်း ထပ်မံတာဝန်ယူရန် ရွေးချယ်ခံရပြီးနောက် အင်ဖန်တီနိုက ယင်းကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၄ သင်းမှ ၃၂ သင်း ပြိုင်ပွဲအဖြစ် တိုးမြှင့်ကျင်းပမည်ဖြစ်သလို ဆုကြေးချီးမြှင့်မှုကိုလည်း နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၉ ပြိုင်ပွဲထက် သုံးဆကျော်အထိ တိုးမြှင့်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

FIFA သည် ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆုကြေး ဒေါ်လာသန်း ၃၀၊ ပြိုင်ပွဲဝင်အသင်းများအတွက် အကြိုပြင်ဆင်မှု ကုန်ကျစရိတ်အဖြစ် ဒေါ်လာ ၁၂ သန်း နှင့် ကစားသမားစေလွှတ်ပေးရခြင်းအတွက် ကလပ်အသင်းများအား ဒေါ်လာရှစ်သန်း၊  စုစုပေါင်းဒေါ်လာ သန်း ၅၀ ပေးအပ်ခဲ့သည်။

ယခုနှစ် ဇူလိုင်-သြဂုတ်တွင် ၃၂ သင်းပြိုင်ပွဲအဖြစ် ပထမဆုံးကျင်းပမည့် ကိုးကြိမ်မြောက်ပြိုင်ပွဲတွင်မူ ဆုကြေးဒေါ်လာသန်း ၁၁၀၊ ပြိုင်ပွဲဝင်အသင်းများအတွက် အကြိုပြင်ဆင်မှုကုန်ကျစရိတ်အဖြစ် ဒေါ် လာ ၃၀ ဒသမ ၇ သန်းနှင့် ကစား သမားစေလွှတ်ပေးရခြင်းအတွက် ကလပ်အသင်းများအား ဒေါ်လာ ၁၁ ဒသမ ၃ သန်း၊ စုစုပေါင်း ဒေါ်လာ ၁၅၂ သန်း ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ FIFA အနေဖြင့် ၂၀၁၉ ပြိုင်ပွဲထက် သုံးဆကျော်နှင့် ၂၀၁၅ ပြိုင်ပွဲထက် ၁၀ ဆကျော်အထိ တိုးမြှင့်ပေးအပ်ထားခြင်းဖြစ်သည်။

ထို့ပြင် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်မည့် ကစားသမားများအနေဖြင့် ၂၀၂၂ ကာတာ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမားများနှင့်တန်းတူ သွားလာနေထိုင်မှုနှင့် ဝန်ဆောင်မှုများရရှိမည်ဖြစ်ကြောင်း အင်ဖန်တီနိုက အတည်ပြုခဲ့သည်။

”ဒီနေ့မှာ ကျွန်တော်တို့အနေနဲ့ အမျိုးသမီးဘောလုံးအတွက် သမိုင်းဝင်ခရီးတစ်ခုနဲ့ တန်းတူညီမျှမှုကို စတင်နိုင်ခဲ့ပါပြီ။ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်မယ့် ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ၂၀၂၂ ပြိုင်ပွဲနဲ့ တူညီတဲ့ အခြေအနေရရှိကြမှာပါ။ ဒါတွေက တကယ်လက်တွေ့ဖြစ်လာမှာပါ။  FIFA က နောက်တစ်ဆင့်ကို တက်လှမ်းခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက ဒီနယ်ပယ်မှာရှိသူအားလုံးအတွက် မဖြစ်နိုင်တာကိုတော့ စိတ်မကောင်းပါဘူး။ ရုပ်သံထုတ်လွှင့်သူတွေ၊ စပွန်ဆာတွေအနေနဲ့ ဒီလေးစားမှုအပေါ် ပိုပြီးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါက FIFA အတွက်၊ ဇုန်အလိုက် ဘောလုံးအဖွဲ့ချုပ်တွေအတွက်၊ အဖွဲ့ဝင်နိုင်ငံတွေအတွက်၊ အားလုံးအတွက်ပါ။ FIFA အနေနဲ့ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲထက် ၁၀ ဆ ကနေ အဆ ၁၀၀ အထိလျော့နည်းတဲ့ ကမ်းလှမ်းမှုတွေရရှိထားပါတယ်။ ဒါက ရုပ်သံထုတ်လွှင့်သူတွေနဲ့ စပွန်ဆာတွေဟာ အမျိုးသားကမ္ဘာ့ဖလားနဲ့ တူညီတဲ့ပမာဏမပေးချင်ဘူးဆိုတာပါပဲ။ ဒီစျေးနှုန်းတွေနဲ့ အမျိုးသမီး ဘောလုံး၊ အမျိုးသမီးကမ္ဘာ့ဖလားကို ရောင်းချသွားမှာ မဟုတ်ပါဘူး” ဟု အင်ဖန်တီနိုက ပြောကြားသည်။

ထို့ပြင် အင်ဖန်တီနိုက ၂၀၂၆ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဆုကြေးပေးအပ်မှုကို တန်းတူဖြစ်စေရန် ရည်မှန်းထားကြောင်းနှင့် ယင်းကိစ္စမှာ အခက်ခဲဆုံးခြေလှမ်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

၂၀၂၂ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆုကြေးစုစုပေါင်း ဒေါ်လာ သန်း ၄၄၀ ပေးအပ်ချီးမြှင့်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments