Thursday, January 22, 2026
spot_img
spot_img

ဥရောပထိပ်တန်းလိဂ်(၅)ခုတွင် ၂၀၂၃ ခုနှစ်အတွင်း ပြိုင်ပွဲစုံသွင်းဂိုးအများဆုံး ကစားသမားအဖြစ် မန်စီးတီးတိုက်စစ်မှူး ဟာလန်း (၄၄)ဂိုးဖြင့် မှတ်တမ်းဝင်

မန်စီးတီးအသင်း၏ တိုက်စစ်မှူး ဟာလန်းသည် ဥရောပ ထိပ်တန်းလိဂ်(၅)ခုထဲတွင် ၂၀၂၃ ခုနှစ်အတွင်း ပြိုင်ပွဲစုံသွင်းဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဟာလန်းသည် ၂၀၂၃ ခုနှစ်အတွင်းတွင် မန်စီးတီးအသင်းအတွက် စုစုပေါင်း(၄၄)ဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းနှင့် PSG တိုက်စစ်မှူး ဘာပေတို့ကို ကျော်ဖြတ်ကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

ဟာလန်းသည် ၂၀၂၃ ခုနှစ်အတွင်း ကလပ်အသင်းနှင့် လက်ရွေးစင်အသင်း နှစ်မျိုးပေါင်းတွင် သွင်းဂိုး(၅၀)သွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဘောလုံးလောက၌ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ဂိုးအများဆုံးသွင်းယူနိုင်သူစာရင်းတွင်မူ စတုတ္ထနေရာသာ ရပ်တည်နိုင်ခဲ့သည်။ အဆိုပါစာရင်းတွင် အယ်လ်နာဆာအသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက (၅၄)ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းနှင့် PSG အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဘာပေတို့က (၅၂)ဂိုးစီသွင်းယူကာ ဟာလန်း၏အထက်တွင် ရပ်တည်ခဲ့သည်။

သို့သော် ဟာလန်းသည် ဥရောပထိပ်တန်းလိဂ်(၅)ခုထဲမှ ကလပ်အသင်းသီးသန့် ဂိုးသွင်းယူမှုတွင်မူ အများဆုံးသွင်းယူနိုင်သည့် ကစားသမား ဖြစ်ခဲ့ခြင်းဖြစ်သည်။  ဟာလန်းသည် ပြီးခဲ့သည့်ရာသီ၌ မန်စီးတီးအသင်း ဖလားသုံးလုံးအောင်ပွဲရရှိရာတွင် အဓိကအကျဆုံးကစားသမားအဖြစ် ခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုနှင့် ချန်ပီယံလိဂ်ဂိုးသွင်းဘုရင်ဆုတို့ ရရှိခဲ့သည်။

ထို့ပြင် ယခုရာသီတွင်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်  (၁၄)ဂိုးဖြင့် ဦးဆောင်နေသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း (၅)ဂိုးသွင်းယူပြီး မိုရာတာ(အက်သလက်တီကို)၊ ဂရီးဇ်မန်း (အက်သလက်တီကို)၊ ဟွိုင်လန်း(မန်ယူ)တို့နှင့်အတူ ပူးတွဲ ဦးဆောင်လျက်ရှိသည်။ ထို့ကြောင့် လက်ရှိအချိန်၌ ဒဏ်ရာပြဿနာဖြင့် အနားယူနေရသော်လည်း ၂၀၂၃ ခုနှစ်အတွင်း ဥရောပထိပ်တန်းလိဂ်(၅)ခု၌ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ဟာလန်းသည် ဒီဇင်ဘာလအစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့သော အက်စတွန်ဗီလာနှင့်ပွဲတွင် ပါဝင်ကစားပြီးကတည်းက ခြေချောင်းဒဏ်ရာကြောင့် အနားယူနေခဲ့ရခြင်းဖြစ်ပြီး မန်စီးတီးအသင်း၏ ပြိုင်ပွဲစုံ(၇)ပွဲကို လွဲချော်ခဲ့သည်။ မန်စီးတီးနည်း ပြ ဂွါဒီယိုလာက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ပြန်ကစားနိုင်ရန် မျှော်လင့်ထားခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်ကစားနိုင်ခြင်းမရှိသေးပေ။ အသင်းနှင့်အတူ ပူးတွဲလေ့ကျင့်မှုမပြုလုပ်နိုင်သေးသည့်အတွက် ပြန်ကစားနိုင်မည့်နေ့ရက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။

ဟာလန်းအနေဖြင့် ယခုကဲ့သို့ ဒဏ်ရာပြဿနာဖြင့် အနားယူနေခဲ့ရခြင်းကြောင့် တစ်နှစ်အတွင်း ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာနိုင်သည့် အခွင့်အရေးနှင့် လွဲချော်ခဲ့ရခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments