နယ်သာလန် ၊ တော့တင်ဟမ် ဟော့စပါး နဲ့ အိုင်ယက်စ် ကွင်းလယ်လူဟောင်း ရာဖေး ဗန်ဒါဗတ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားနေတဲ့ အိုင်ယက်စ် တောင်ပံ ကစားသမားဟောင်း အန်တိုနီ အနေနဲ့ အလှပြ ကစားပုံတွေထက် ပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမား ဖြစ်လာအောင် ပိုမို ကြိုးစား သင့်တယ်လို့ တိုက်တွန်း ပြောဆိုခဲ့ ပါတယ် ။

ဒါ့အပြင် အန်တိုနီ အနေနဲ့ ယူနိုက်တက် ဂျာစီနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း ၊ ထိပ်တန်း ကစားသမား တယောက် ဖြစ်ကြောင်းတွေကို သက်သေပြဖို့ လိုအပ်တယ်လို့လည်း ထောက်ပြ ပြောဆိုခဲ့ ပါတယ် ။
အန်တိုနီ ဟာ အခု နွေရာသီ အပြောင်းအရွှေ့မှာ အိုင်ယက်စ် ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို နယ်သာလန်လိဂ် ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပါတယ် ။
၂၂ နှစ် အရွယ် ဘရာဇီးသားဟာ ယူနိုက်တက် မှာ အိုင်ယက်စ် တုန်းက ဆရာဟောင်း အဲရစ်တန်ဟတ် နဲ့ ပြန်ဆုံခဲ့ပြီး ညာတောင်ပံ မှာ ပုံမှန်ပွဲ ကစားခွင့် ရရှိခဲ့ ပါတယ် ။
ဒါပေမယ့် အန်တိုနီ ဟာ ယူနိုက်တက် ပရိသတ်တွေကို ကျေနပ် နှစ်သက်လောက်တဲ့ အထိတော့ မစွမ်းဆောင် နိုင်သေးပါဘူး ။ ယူနိုက်တက် အတွက် ၅ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးပေးထားခဲ့ပေမယ့် ခြေမပေါ်တဲ့ ပွဲတွေက ပိုများတယ်လို့ မှတ်ချက်ပေး ခံထားရပါတယ် ။

အထူးသဖြင့် အန်တိုနီ ဟာ ဘယ်ခြေကို အားထားလွန်းပြီး လိမ်ခေါက်ကျော်ဖြတ်မှု အပိုင်းမှာလည်း လိုအပ်ချက်တွေ ရှိလို့ နေပါတယ် ။
ပြီးခဲ့တဲ့ ရီးဒင်း နဲ့ FA Cup ပွဲစဉ်မှာတော့ အန်တိုနီ ဟာ ယူနိုက်တက် အတွက် ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေး ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ ပါတယ် ။
“အန်တိုနီ က အရည်အသွေး ရှိတဲ့ ကစားသမားကောင်း တယောက်ပါ ။ ဒါပေမယ့် သူ့အနေနဲ့ သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲနေပါတယ် ။ အခုချိန်ထိ သူ ဘာကိုမှ သက်သေပြ မထားရသေးပါဘူး ၊ အရည်အသွေးရှိတဲ့ ကစားသမားကောင်း တယောက်ဆိုတဲ့ အဆင့်ပဲ ရှိပါသေးတယ်”
“အလှပြကစားတာတွေကို ကျွန်တော်လည်း ကြိုက်ပါတယ် ။ ဒါပေမယ့် လုပ်သင့် လုပ်ထိုက်တဲ့ အချိန်မှပဲ ကောင်းတာပါ ။ အန်တိုနီ က အိုင်ယက်စ် နဲ့ ချန်ပီယံလိဂ် ပွဲနည်းနည်း ကစားဖူးတယ် ၊ ဘရာဇီး အသင်းမှာ မိနစ် တချို့ ကစားရတယ် ၊ အကွက်လေးတွေ လှတယ် ။ ဒီလောက်ပါပဲ ။ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာမှ မလုပ်ပြရ သေးပါဘူး” လို့ ဗန်ဒါဗတ် က အန်တိုနီ အပေါ် ဝေဖန် ပြောဆိုခဲ့ ပါတယ် ။
ဆက်လက်ပြီး ဗန်ဒါဗတ် က အန်တိုနီ ကို အသင်းဖော် မားကပ် ရက်ဖိုဒ့် ကို အတုယူ လေ့လာသင့်တယ်လို့ တိုက်တွန်း ပြောဆိုခဲ့ ပါတယ် ။

ရက်ဖိုဒ့် ဟာ ကမ္ဘာ့ဖလားမှာ ပုံစံကောင်း ပြသခဲ့သလို ကမ္ဘာ့ဖလားအပြီး ပြန်ကစားချိန်မှာလည်း ပုံစံကောင်းကို ဆက်လက် ထိန်းထား နိုင်ကာ ၁၀ ပွဲမှာ ၁၀ ဂိုး သွင်းယူပေးထား နိုင်ခဲ့ ပါတယ် ။
“အန်တိုနီ အနေနဲ့ ငါ့အစွမ်းတွေကို တကမ္ဘာလုံးကို ပြလိုက်တော့မယ် ၊ ဘယ်သူမှ မလုပ်ဖူးတာတွေ မမြင်ဖူး တာတွေကို ပြလိုက်မယ် ဆိုပြီး တွေးမနေသင့် ပါဘူး ။ သူ့အနေနဲ့ မားကပ် ရက်ဖိုဒ့် လိုမျိုး ပွဲအဖြေကို ပြောင်းလဲ နိုင်တဲ့ သူ ဖြစ်လာအောင် ကြိုးစားသင့် ပါတယ် ။ ပြီးမှ ဒီ အကွက်ဆန်းတွေ ကို လုပ်ပေါ့”
“ထိပ်တန် ကစားသမား တယောက် ဖြစ်လာဖို့ ဆိုရင် နှိမ့်ချ နိုင်ဖို့လည်း အရေးကြီးပါတယ် ။ ကိုယ့်ဆီ ဘောလုံး ရောက်လာတဲ့ အခါမှာ အလှပြရမလား ၊ ပေးရမလား ၊ ကန်ရမလား ဆိုတာကို ကောင်းကောင်း ရွေးချယ် နိုင်ဖို့ ကလည်း လိုအပ်ပါတယ် ။ အန်တိုနီ အနေနဲ့ ဒါတွေကို သင်ယူ လေ့လာရဦးမှာပါ” လို့ ရာဖေး ဗန်ဒါဗတ် က ပြောဆို အကြံပြု သွားခဲ့ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ခါရာဘောင် ဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ အဖြစ် ပထမ အကျော့တုန်းက အဝေးကွင်းမှာ ၃ ဂိုးပြတ် အနိုင် ကစားထားတဲ့ နော်တင်ဟမ် ဖောရက်စ် အသင်းကို အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ ဧည့်ခံ ကစားသွားရမှာပဲ ဖြစ်ပါတယ် ။






