ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အာဆင်နယ် တို့ အဆင့် ၁ နေရာကို ပြန်လည် ရယူနိုင်ခဲ့ ပါတယ် ။

အာဆင်နယ် ဟာ အဝေးကွင်းမှာ အက်စတွန် ဗီလာ အသင်းကို ၄-၂ နဲ့ အနိုင် ကစားခဲ့ပြီး မန်စီးတီး က နော်တင်ဟမ် ဖောရက်စ် နဲ့ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် အဆင့် ၁ နေရာကို ပြန်လည် တက်လှမ်း လာနိုင်ခဲ့ တာပဲ ဖြစ်ပါတယ် ။


လီဗာပူး အသင်းကလည်း အဝေးကွင်းမှာ ခံစစ်ကောင်းတဲ့ နယူးကာဆယ် ကို ၂-၀ နဲ့ အနိုင် ကစားခဲ့ပါတယ် ။ လီဗာပူး အတွက် ဂတ်ပို ၂ ပွဲဆက် ဂိုးသွင်း ပေးခဲ့ပြီး ဒါဝင်နူညက်ဇ် ကလည်း ၁ ဂိုး သွင်းပေးခဲ့ ပါတယ် ။
ဒီပွဲမှာ အနီကတ်ထိ ခဲ့တဲ့ နယူးကာဆယ် ဂိုးသမား နစ်ပုပ် ကတော့ မန်ချက်စတာ ယူနိုက်တက် နဲ့ ကစားမယ့် ခါရာဘောင်ဖလား ဗိုလ်လုပွဲ အပါအဝင် ၃ ပွဲပယ် အပြစ်ဒဏ်ကို ကျခံ ရတော့မှာ ဖြစ်ပါတယ် ။
လူသစ်တွေ ဖြည့်ထားတဲ့ ချဲလ်ဆီး ကတော့ နိုင်ပွဲခုထိ မရရှိ သေးပါဘူး ။ မနေ့ညက ပွဲမှာလည်း ဇယား အောက်ဆုံးက ဆောက်သမ်တန် ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ ပြန်ပါတယ် ။
အခြားပွဲတွေမှာတော့ ဖူလ်ဟမ် က ဘရိုက်တန် ကို ၁-၀ ၊ အဲဗာတန် က လိဒ် ကို ၁-၀ တို့နဲ့ အနိုင်ရခဲ့ပြီး ဘရန့်ဖိုဒ့် နဲ့ ပဲလေ့စ် ပွဲကတော့ ၁ ဂိုးစီ သရေ ရလဒ် နဲ့ ပြီးဆုံးခဲ့ ပါတယ် ။
စပိန် လာလီဂါ မှာတော့ ရီးရဲမက်ဒရစ် အသင်းဟာ အဝေးကွင်းမှာ အိုဆာဆူနာ အသင်းကို ၂-၀ နဲ့ အနိုင် ရခဲ့ပြီး ဗယ်ဗာဒီ နဲ့ အဆန်ဆီရို တို့က ၁ ဂိုးစီ သွင်းပေးခဲ့ ကြပါတယ် ။
အီတလီ စီးရီးအေ မှာတော့ မီလန် ၂ သင်းစလုံး အနိုင်ရခဲ့ပြီး အေစီမီလန် က မွန်ဇာ ကို ၁-၀ ၊ အင်တာမီလန် က အူဒီနီးစ် အသင်းကို ၃-၁ တို့နဲ့ အနိုင် ကစားခဲ့ ပါတယ် ။
လီဗာပူး တိုက်စစ်မှူး ဒါဝင် နူညက်ဇ် ဟာ မနေ့ ညက နယူးကာဆယ် နဲ့ ပွဲမှာ ဒဏ်ရာ ရရှိ ခဲ့ပြီး ရီးရဲမက်ဒရစ် နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲအတွက် မသေချာတဲ့ အနေအထားမှာ ရှိတယ်လို့ သိရှိရ ပါတယ် ။
လီဗာပူး ကွင်းလယ်လူ သီယာဂို အယ်ကန်ထရာ ဟာလည်း အဆိုပါပွဲ ကို လွဲချော်မှာပါ ။
ဘရိုက်တန် နည်းပြ ဒီ ဇာဘီ ကတော့ ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေဟာ အရည်အသွေး ပြည့်မီခြင်း မရှိဘူးလို့ ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။
ရီးရဲမက်ဒရစ် အသင်းဟာ အေစီမီလန် အသင်းထံ ၃ ရာသီ အငှားချ ထားတဲ့ ဘရာဟင် ဒီယာ့ဇ် ကို လာမယ့် ရာသီမှာ ပြန်လည် ခေါ်ယူဖို့ စိတ်ကူး ရှိနေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။
နော်တင်ဟမ် ဖောရက်စ် အသင်းဟာ ၂ နှစ် နီးပါး အသင်းမှာ ပွဲ မကစားရတဲ့ ဟယ်ရီ အာတာ ကို နွေရာသီမှာ ရောင်းချ သွားဖို့ စိတ်ကူးနေတယ်လို့လည်း သိရပါတယ် ။
နယူးကာဆယ် ၊ ချဲလ်ဆီး အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ခရစ်ရှန် အတ်ဆု ဟာ တူရကီ နိုင်ငံ အတွင်း လှုပ်ခတ် ခဲ့တဲ့ ငလျှင်ကြောင့် ကွယ်လွန်သွားခဲ့တယ်လို့ ယမန်နေ့ က အတည်ပြု သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။






