စနေနေ့ညက ဝင်ဘလေတွင် ကစားသည့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်တွင် မန်စီးတီးသည် ရှက်ဖီးရှက်ဖီးယူနိုက်တက်ကို ၃-၀ ဖြင့်အနိုင်ရရှိခဲ့သည်။ ထိုပွဲတွင် မန်စီးတီးအတွက်သွင်းဂိုးသုံးဂိုးစလုံးကို ပွဲချိန် ၄၃ ၆၁ နှင့် ၆၆ မိနစ်တို့တွင် မာရက်ဇ်က သွင်းယူခဲ့ခြင်းဖြစ်သည်။

မန်စီးတီးသည် အက်ဖ်အေဖလားဆီမီးဖိုင်နယ်တွင် သုံးနှစ်ဆက်တိုက်ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည့်အစဉ်အလာရှိခဲ့သည်။ ထို့ပြင် ဝင်ဘလေတွင်ကစားသည့် နောက်ဆုံး ၅ ပွဲတွင်လည်း ၄ ပွဲရှုံးနိမ့်ခြင်း အဖြစ်မှတ်တမ်းဝင်ထားပြီး ရှက်ဖီးယူနိုက်တက်ကို အနိုင်ရသည့်အခါတွင် အဆိုပါအစဉ်အလာ ဆိုး များကို ကျော်လွှားနိုင်ခြင်းအဖြစ်လည်း မှတ်တမ်းဝင်သွားသည်။

“ဟက်ထရစ်သွင်းနိုင်တာက အရေးကြီးတယ်လို့တော့ ပြောလို့ရတာပေါ့ဗျာ။ ဒါပေမယ့် နောက်ဆုံး ၃ နှစ်လောက် ဒီအထိရောက်ပြီး ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရတဲ့အစဉ်အလာကို ကျော်လွှားနိုင်တာကတော့ ပိုပြီးအရေးကြီး ပါတယ်။ ဒီနေ့ကစားတဲ့ပွဲမှာတေ့ာ ကျွန်တော်တို့ ခြေစွမ်းကောင်းနဲ့ ရလဒ်ကောင်းရအောင် အရမ်းကို ကြိုးစားထားပါတယ်။ ဒီနိုင်ငံမှာ အက်ဖ်အေဖလားဗိုလ်လုပွဲကိုတက်နိုင်တယ်ဆိုတာကိုက ကြီးကျယ်နေပါပြီ။ အခုတော့ လိဂ်ပွဲတွေကို အာရုံပြန်ပြီးစိုက်ရမှာပေါ့။ အာဆင်နယ်နဲ့ပွဲက အရေးကြီးပါတယ်”ဟု မာရက်ဇ်က ပြောဆိုလိုက်သည်။







