လက်ရှိရာသီတွင် နာပိုလီအသင်းအတွက် ခြေစွမ်းပြဂိုးများသွင်းယူနေသည့် တိုက်စစ်မှူး ဂျီယိုဗင်နီဆီမြွန်နီက လာမည့်အင်တာမီလန်အသင်းနှင့် စီးရီးအေပွဲစဉ်တွင် အနိုင်ကစားသွားရန်ဆန္ဒပြင်းပြနေကြောင်း ပြောကြားခဲ့သည်။

ဆီမြွန်နီက ”သူတို့အိမ်ကွင်းမှာ ကစားရတာ၊ ပြီးခဲ့တဲ့ခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းနေတာ၊ ကစားသမားကောင်းတွေရှိနေတာတွေကို ကျွန်တော် မသိချင်ပါဘူး။ ကျွန်တော်တို့အသင်းမှာလည်း ထိပ်တန်းကစားသမားတွေရှိသလို၊ ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးကြီးပါတယ်။ ရမှတ် (၃)မှတ်ပိုင်ဆိုင်ခွင့်ရဖို့ပဲ ကျွန်တော်ရည်ရွယ်ထားပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဆီမြွန်နီက လက်ရှိ စီးရီးအေချန်ပီယံအေစီမီလန်အသင်း၏ အခြေအနေတိုးတက်လာမှုအပေါ်လည်း ဂရုမစိုက်ကြောင်း ပြောကြားခဲ့သည်။

”ကျွန်တော်တို့ ကိုယ်လုပ်စရာရှိတာကိုယ် အကောင်းဆုံးလုပ်သွားပါမယ်။ ဘယ်သူက အမှတ်တွေဘယ်လောက်ရနေလဲ ဆိုတာ ဂရုမစိုက်ပါဘူး” ဟု ပြောကြားခဲ့သည်။
ဆီမြွန်နီသည် လက်ရှိရာသီတွင် နာပိုလီအသင်းအတွက် စီးရီးအေသွင်းဂိုး (၂)ဂိုးသွင်းယူထားသည်။






