အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီသည် မေဂျာလိဂ်ပွဲစဉ်လေးပွဲသာ ကစားခွင့်ရထားသော်လည်း MVP ဆုနှင့် မျက်နှာသစ်ကစားသမားဆု ဆန်ခါတင် စာရင်းတွင် ပါဝင်နေကြောင်း သိရသည်။
၂၀၂၃ ရာသီ မေဂျာလိဂ်ပြိုင်ပွဲ၏ နှစ်ကုန်အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းပါဝင်သူများကို ထုတ်ပြန်ခဲ့ပြီး ဆုအမျိုးအစား ၁၁ ခု ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ အဆိုပါဆုများအနက် မက်ဆီက လန်ဒန်ဒိုနိုဗန် မေဂျာလိဂ် MVP ဆုနှင့် မေဂျာလိဂ် မျက်နှာသစ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းတွင် ရွေးချယ်ခံထားရခြင်းဖြစ်သည်။
မက်ဆီ (၃၆ နှစ်) သည် ဒဏ်ရာကြောင့် အင်တာမိုင်ယာမီ အသင်း၏ ပြိုင်ပွဲစုံ နောက်ဆုံးပွဲစဉ်လေးပွဲကို လွဲချော်ထားပြီး မေဂျာလိဂ်ပြိုင်ပွဲ၌ ၂၄၇ မိနစ် (ပွဲထွက်အဖြစ် သုံးပွဲ၊ လူစားဝင်အဖြစ် တစ်ပွဲ) သာ ကစားခွင့်ရထားသော်လည်း ဆုနှစ်ခုအတွက် ဆန်ခါတင်စာရင်း ထည့်သွင်းခံထားရခြင်းဖြစ်သည်။

နှစ်ကုန်အကောင်းဆုံးဆုများအတွက် မဲပေးမှုကို အောက်တိုဘာ ၁၀ ရက်မှ ၂၃ ရက်အတွင်း ပရိသတ်များကိုယ်တိုင် မဲပေးရွေးချယ်နိုင်ပြီး ဂျာနယ်လစ်များ၊ ကလပ်အသင်းများမှ နည်းစနစ်ပိုင်းဝန်ထမ်းများ၊ မေဂျာလိဂ်ကစားသမားများ၏ မဲအရေအတွက် ကိုလည်း ထည့်သွင်းဆုံးဖြတ်မည်ဖြစ်သည်။ ကလပ်အသင်းများမှ နည်းစနစ်ပိုင်းဝန်ထမ်းများမှာမူ မိမိအသင်းမှ ဆန်ခါတင်စာရင်းဝင်သူများကို ပြန်လည်မဲပေးခွင့်မရှိကြောင်း သိရသည်။
မက်ဆီသည် ယခုနှစ် ဇူလိုင်တွင် အင်တာမိုင်ယာမီအသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး မေဂျာလိဂ်ပြိုင်ပွဲ၌ လေးပွဲကစား တစ်ဂိုး၊ ယူအက်စ်အိုးပင်းဖလားပြိုင်ပွဲ၌ တစ်ပွဲ၊ လိဂ် ဖလားပြိုင်ပွဲ၌ ခုနစ်ပွဲကစား ၁၀ ဂိုးသွင်းယူကာ ပြိုင်ပွဲစုံတွင် ဂိုးဖန်တီးမှု ငါးကြိမ်ပြုလုပ် ထားသည်။ ၎င်းအနေဖြင့် စက်တင်ဘာ နိုင်ငံတကာ ရက်သတ္တပတ်နောက်ပိုင်း ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်ငါးပွဲအနက် တစ်ပွဲသာကစားခွင့်ရထားသလို ပထမပိုင်းမှာပင် လူစားလဲခဲ့ရသည်။

သို့သော် အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ စကာလိုနီက အောက်တိုဘာတွင် ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲအတွက် လူစာရင်းတွင် မက်ဆီကို ထည့်သွင်းရွေးချယ်ထားကြောင်း သိရသည်။ အာဂျင်တီးနား အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်နှစ်ပွဲဆက် အနိုင်ရထားပြီး အောက်တိုဘာ ၁၂ ရက်တွင် ပါရာဂွေးအသင်းနှင့် အိမ်ကွင်း၊ အောက်တိုဘာ ၁၇ ရက်တွင် ပီရူး အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။
ယင်းပွဲစဉ်များအတွက် ကစားသမား ၃၄ ဦး စာရင်း ရွေးချယ်ရာတွင် ဒဏ်ရာပြဿနာရှိနေသည့် အသင်းခေါင်းဆောင် မက်ဆီကို ထည့်သွင်းရွေးချယ်ထားခြင်းဖြစ်သည်။ အင်တာမိုင်ယာမီအသင်းမှာလည်း မက်ဆီမပါဝင်နိုင်သည့် နောက်ဆုံးလေးပွဲစလုံး နိုင်ပွဲမရဘဲ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံးနိမ့်ကာ ရုန်းကန်နေရသည်။






