ယနေ့ညကစားမည့်ဝုဖ်အသင်းနှင့်ပွဲစဉ်တွင် အသင်းအတွက် လက်ရှိဘောလုံးရာသီတွင် ဂိုးအများဆုံး သွင်းယူထားသော တိုက်စစ်မှူးရက်ရှ်ဖို့သည် ပါဝင်ကစားနိုင်ရန်အလားအလာနည်းနေသည်။ မန်ယူတွင် ကာလရှည် ဒဏ်ရာကြောင့်နားနေရသော ခံစစ်မှူးဗာရန်းသည် ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိနေသည်။

လက်ရှိဘောလုံးရာသီတွင် မန်ယူအတွက် ၂၉ ဂိုးသွင်းထားသော ရက်ရှ်ဖို့သည် ခြေထောက်ဒဏ်ရာ ကြောင့် ဝုဖ်နှင့်ပွဲတွင် ပါဝင်နိုင်ရန်မသေချာဖြစ်နေခြင်းဖြစ်သည်။ အဆင့်လေးအတွင်းဝင်နိုင်ရေး သေချာစေရန်အတွက် ဝုဖ်နှင့်ပွဲတွင် မန်ယူသည် အနိုင်ရရန်အရေးကြီးနေသည်။ မန်ယူသည် လက်ရှိအချိန်တွင် ဂိုးသွင်းအားနည်းနေပြီး နောက်ဆုံး ၉ ပွဲတွင် ၆ ဂိုးသာသွင်းထားနိုင်သည်။

“ဝုဖ်နဲ့ပွဲမှာ ဗာရန်းက ပြန်လည်ပါဝင်နိုင်မှာဖြစ်ပေမယ့် ရက်ရှ်ဖို့ကတော့ ပါဝင်နိုင်ဖို့ မလွယ်ပါဘူး”ဟု ဝုဖ်အသင်းနှင့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် တန်းဟက်က ပြောဆိုခဲ့သည်။ ဗာရန်းသည် ဧပြီလ ၁၃ ရက်က ဆီဗီလာနှင့် ကစားသည့် ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမပိုင်းတွင် ဒဏ်ရာရသွားခြင်းကြောင့် လူစားလဲခဲ့ရပြီး နောက်ပိုင်းတွင် မန်ယူအတွက် တစ်ပွဲမျှ ပါဝင်ကစားနိုင်ခြင်းမရှိ ဖြစ်ခဲ့ရသည်။ ဗာရန်းမပါဝင်နိုင်သည့် အချိန်အတွင်း မန်ယူသည် စုစုပေါင်း ၇ ပွဲကစားရာတွင် ၂ ပွဲသာအနိုင်ရရှိထားသည်။






