မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြကြီး အဲရစ် တန်ဟတ် ဟာ မနေ့ညက ခါရာဘောင် ဖလား ပွဲမှာ ယူနိုက်တက် အတွက် ပါဝင် ကစားပြီး ပုံစံကောင်း ပြသခဲ့တဲ့ လူငယ်လေး အဲလီဂျန်ဒရို ဂါနာချို အပေါ် ချီးကျုး ပြောဆိုမှု ပြုလုပ် ခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ တနင်္ဂနွေ တုန်းက ဗီလာပါ့ခ် မှာ ရှုံးနိမ့် ခဲ့တဲ့ အက်စတွန် ဗီလာ ကို အိုးထရက်ဖိုဒ့် မှာ ပြန်လည် အနိုင် ကစားပြီး ခါရာဘောင် ဖလား နောက်တဆင့်ကို တက်လှမ်း နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။
ဗီလာ ဟာ ယူနိုက်တက် ကို ဦးဆောင်မှု ၂ ကြိမ် ရရှိခဲ့ ပေမယ့် အန်တိုနီ မာစီရယ် နဲ့ မားကပ် ရက်ဖိုဒ့် တို့က ချေပဂိုးတွေ ပြန်လည် သွင်းယူပေးခဲ့ ပါတယ် ။ အဲ့ဒိ နောက်မှာတော့ ဘရူနို ဖာနန်ဒက်စ် နဲ့ မက် တော်မီနေး တို့က ဂိုးတွေ ထပ်သွင်းကာ ၄-၂ ရလဒ် နဲ့ ပိတ်သိမ်း နိုင်ခဲ့ ပါတယ် ။
ဂါနာချို ဟာ ဒုတိယပိုင်း မှာ လူစားဝင် ကစားခဲ့ပြီး ဖာနန်ဒက်စ် နဲ့ တော်မီနေး တို့ရဲ့ ဂိုးတွေ ကို ဖန်တီးမှု ပြုလုပ် ပေးသွားခဲ့ ပါတယ် ။
“သူ ကွင်းထဲ ဝင်လာပြီး အသင်းအပေါ် သက်ရောက်မှု ရှိစေခဲ့တဲ့ အတွက် ကျွန်တော် ဝမ်းမြောက် မိပါတယ် ။ သူ့အတွက် လည်း ကောင်းတဲ့ အရာပါ ။ တကယ်ကောင်းတဲ့ ဖန်တီးမှု ၂ ခု လုပ်ခဲ့တယ် ၊ လိမ်ခေါက်တာ တချို့လည်း ကောင်းတယ် ၊ ပြေးထွက်တာ တချို့ရောပါပဲ ။ ဒါပေမယ့် သူတိုးတက်ဖို့ လိုသေးတာတွေလည်း ရှိနေပါသေးတယ်”
“ဥပမာ ပြောရရင် ကျွန်တော်တို့ အမြင့်ဘောတွေ ၊ အဝေးဘောတွေ နဲ့ ကစားတဲ့ အခါမျိုးတွေမှာ သူက တော်မီနေး နဲ့ သွားပြီး လုတိုက် နေသလိုတွေ ဖြစ်ဖြစ် နေပါတယ် ။ အမှန်က ပြန်ထွက်လာမယ့် Second Ball ကို သူ စောင့်ရမှာပါ ။ သူ့မှာ လေ့လာ စရာတွေ အများကြီး ရှိနေပါတယ် ၊ ဒါပေမယ့် သူ တိုးတက်လာတာ ကိုလည်း မြင်နေရပါတယ် ။ ဒီအတွက် ကျွန်တော်တို့ ပျော်ရွှင်ရ ပါတယ်”

“ပုံမှန် ပွဲထွက်ခွင့် ရလာမလား ဆိုတာကတော့ သူ ဘယ်လောက် တိုးတက်လာသလဲ ၊ အသင်းရဲ့ နည်းစနစ်တွေ စည်းကမ်းပိုင်းတွေ ကို သူ ဘယ်လောက် အသားကျအောင် ချဉ်းကပ်နိုင်မလဲ ၊ သူ့ရဲ့ စိတ်ပိုင်း ဆိုင်ရာ နဲ့ ခံယူချက်တွေ ဘယ်လို ရှိနေမလဲ ဆိုတာတွေ အပေါ်မှာ မူတည်သွားမှာပါ ။ ဒါတွေ ဖြစ်လာပြီးရင်တော့ ( ပုံမှန် ကစားရဖို့ ) ဖြစ်လာနိုင်ပါတယ်” လို့ တန်ဟတ် က ဂါနာချို ကို ပြောဆို ချီးကျုး သွားခဲ့ ပါတယ် ။
ဆက်လက်ပြီး တန်ဟတ် က ဂါနာချို ကို ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် အာဂျင်တီးနား အသင်းမှာ ပါဝင်နိုင်ဖို့ ဆုတောင်း ပေးခဲ့သလို ကမ္ဘာ့ဖလားမှာ ဂါနာချို ပါဝင်ခွင့် ရရှိတာဟာ ယူနိုက်တက် အတွက် အကျိုး ရှိစေလိမ့်မယ် လို့လည်း ပြောဆိုခဲ့ ပါတယ် ။
စပိန် ကနေ အာဂျင်တီးနား ကို ပြောင်းလဲ မှတ်ပုံတင်ခဲ့တဲ့ ဂါနာချို ဟာ ပြီးခဲ့တဲ့ မတ်လ တုန်းက အာဂျင်တီးနား လက်ရွေးစင် အသင်းကြီး အတွက် စတင် ပါဝင်ခွင့် ရရှိခဲ့ ပါတယ် ။

“သူ ( ဂါနာချို ) အရွေးခံ ရမလား ဆိုတာတော့ ပြောရခက် ပါတယ် ။ ကျွန်တော် သိတဲ့ အာဂျင်တီးနားသားတွေ အများကြီး ရှိပါတယ် ။ သူတို့ထဲက ဘယ်သူတွေ အခွင့်အရေး ရမလဲဆိုတာတော့ မပြောတတ် ပါဘူး ။ ကမ္ဘာ့ဖလား မှာ ပါဝင်ခွင့် ရဖို့ဆိုတာ တကယ်ကြီးမားတဲ့ လှေကာထစ် တခုပါပဲ ။ လူတိုင်းကို တက်ကြွ စေမှာပါ”
“ဒါက ( ကမ္ဘာ့ဖလားမှာ အရွေးခံရတာ ) သူ့အတွက် ဘယ်လောက် ကြီးမားမလဲဆိုတာ ကျွန်တော် မပြောပြနိုင် ပါဘူး ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အတွက်တော့ အကျိုး ရှိတဲ့ ကိစ္စ ဖြစ်လာ နိုင်ပါတယ် ။ လက်ရှိ မှာတော့ သူ့ အနေနဲ့ ခေါင်းကို ရှင်းရှင်းထား ၊ စိတ်ကို အေးအေး ထားပြီး ကိုယ်လုပ်ရမယ့် အလုပ်ကိုသာ အာရုံစိုက်သွားဖို့ ပြောချင်ပါတယ်” လို့ တန်ဟတ် က လူငယ် ကြယ်ပွင့်လေး ကို ကမ္ဘာ့ဖလား မှာ ပါဝင်ခွင့် ရဖို့ မျှော်လင့်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် တနင်္ဂနွေနေ့ မှာ ပရီးမီးယာလိဂ် ပွဲစဉ် အဖြစ် ဖူလ်ဟမ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲ အပြီးမှာတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ကစားသမားတွေကို စေလွှတ် ရတော့မှာပဲ ဖြစ်ပါတယ် ။






