Wednesday, January 14, 2026
spot_img
spot_img

လီဗာပူးလ်အသင်းမှ ကလော့ပ် ထွက်ခွာမည့်အပေါ် အသင်းကစားသမားများ စိုးရိမ်ပူပန်နေကြကြောင်း အသင်းနောက်ခံကစားသမား ကိုနာတေး ဝန်ခံ

လီဗာပူူးလ်နောက်ခံကစားသမား ကိုနာ တေးက ယခုရာသီကုန်တွင် အသင်းမှ နည်းပြ ယာဂန်ကလော့ပ်ထွက်ခွာမည့်အပေါ် အသင်းကစားသမားအားလုံး စိုးရိမ်ပူပန်နေကြကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

အသက် ၅၆ နှစ်အရွယ်ရှိ နာမည်ကျော် ဂျာမန်လူမျိုးနည်းပြ ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း ယခုရာသီကုန်တွင် အသင်းနည်းပြရာထူးမှထွက်ခွာမည်ဟု ဇန်နဝါရီ ၂၆ ရက်တွင် အံ့အားသင့်ဖွယ် ကြေညာခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ယခုရာသီတွင် လိဂ်ဖလား ရရှိထားသလို ပရီးမီးယားလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများတွင် ချန်ပီယံဆုများကို စိန်ခေါ်နိုင်သည့် အခြေအနေရှိနေသည်။ သို့သော် ယာဂန်ကလော့ပ်က လီဗာပူးလ်အသင်းအနေဖြင့် ယခုရာသီတွင် ဖလားဘယ်နှလုံးရသည်ဖြစ်စေ ရာသီကုန်တွင် အသင်းမှထွက်ခွာမည့်ဆုံးဖြတ်ချက်ကို ပြန်ပြင်မည်မဟုတ်ကြောင်း အခိုင်အမာပြောကြားထားသည်။ 

ယခုအခါ လီဗာပူးလ် နောက်ခံကစားသမား ကိုနာတေးက ယခုရာသီကုန်တွင် အသင်းမှ နည်းပြ ကလော့ပ် ထွက်ခွာသွားမည့်အပေါ် အသင်းရှိကစားသမားများအားလုံး စိုးရိမ်ပူပန်နေကြကြောင်း France TV Info နှင့်တွေ့ဆုံရာတွင် ဝန်ခံပြောကြားခဲ့ခြင်းဖြစ် သည်။ 

ကိုနာတေးက “လီဗာပူးလ်က လီဗာပူးလ်ပါပဲ။ ယာဂန်ကလော့ပ်က ကျွန်တော့်ကို လီဗာပူးလ်အသင်းဆီ ခေါ်ယူခဲ့သလို ကျွန်တော့်ကို အခုလို အဆင့်အတန်းမျိုးရောက်အောင် ကူညီစောင့်ရှောက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ လီဗာပူးလ်အသင်းအ တွက် ဂန္ထဝင်နည်းပြတစ်ဦးအဖြစ် ရှိနေမှာပါ။ အသင်းကနေ သူ ထွက်ခွာမယ့်အပေါ် အားလုံးက စိုးရိမ်ပူပန်နေကြပါတယ်။ ကစားသမားတိုင်းက အခြေအနေကို စောင့်ကြည့်နေကြတာပါ”ဟု ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းပိုင်ရှင်များသည် ကလော့ပ်ခေတ်လွန်အတွက် ပြင်ဆင်သည့်အနေဖြင့် နာမည်ကျော် အသင်းအားကစား ဒါရိုက်တာဟောင်း မိုက်ကယ်အက်ဒ်ဝက်ဒ်ကို အမှုဆောင်အရာရှိချုပ်ရာထူးဖြင့် ပြန်ခေါ်ထားသလို ဘုန်းမောက်နည်းစနစ်ဒါရိုက်တာ ရစ်ချက်ဟုချ်ကိုလည်း အသင်းအားကစားဒါရိုက်တာအဖြစ် ခန့်အပ်ထားသည်။ လီဗာပူးလ်အသင်းသည် ကလော့ပ်၏နေရာတွင် အစားထိုးရန်အတွက် အသင်းကစားသမား ဟောင်းတစ်ဦးဖြစ်သည့် လေဗာကူဆင်နည်းပြ အလွန်ဆိုကို ချိတ်ဆက်နေကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။ 

ကိုနာတေး က လီဗာပူးလ်ကစားသမားများအနေဖြင့် ကလော့ပ်၏နေရာကို ဝင်လာမည့် နည်းပြသစ်နှင့် မည်သို့ဖြစ်လာမည်ကိုလည်း စိုးရိမ်နေကြကြောင်း ပြောကြားသည်။ “နည်းပြ ဘယ်သူဖြစ်လာမယ်၊ နည်းပြသစ် ရောက်လာရင် အခြေအနေတွေ ဘယ်လိုလာမလဲ၊ ကောင်းလာမှာလား၊ ဆိုးလာမှာလားဆိုတာကို ကစားသမားတွေ တစ်ယောက်ချင်းရော အုပ်စုလိုက်ပါ စိတ်ပူနေကြပါတယ်”ဟု ကိုနာတေးက ပြောကြားခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments