မန်ယူက အန်ဖီးတွင် လီဗာပူးကို ၇-၀ ဖြင့်ရှုံးနိမ့်သောပွဲတွင် ဖာနန်ဒက်စ်က လူစားလဲရန် တောင်းဆိုခဲ့ခြင်းမရှိကြောင်း ထိုကိစ္စနှင့်ပတ်သက်၍ တန်းဟက်အနေဖြင့်မည်သို့မျှ ပြောဆိုရန် မရှိကြောင်း မီဒီယာများက ဖော်ပြသည်။

မန်ယူအသင်း၏ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ကစားနေသော ဖာနန်ဒက်စ်သည် ပွဲချိန် ၈၅ မိနစ် ရက်ရှ်ဖို့ကို အန်ထော်နီနှင့် လူစားလဲစဉ်တွင် ကွင်းအပြင်မန်ယူခုန်တန်းဘက်သို့ လက်ဟန်ခြေဟန်ပြသခဲ့ခြင်းများရှိခဲ့သည်။ အချို့က ထိုသို့ပြသခြင်းသည် လူစားလဲရန် တောင်းဆိုခြင်းဟု ယူဆခဲ့ကြသည်။ သို့ရာတွင် ရက်ရှ်ဖို့ကို လူစားလဲပြီးနောက် ကွင်းအတွင်း ၎င်းကစားရမည့်နေရာကို တန်းဟက်ဘက်သို့ လှမ်းပြီးမေးမြန်းခြင်းသာဖြစ်ကြောင်း နောက်ပိုင်းတွင် သတင်းရင်းမြစ်များက ထုတ်ဖော်ပြောဆိုသည်။

ဖာနန်ုဒက်စ်သည် ပွဲချိန် ဒုတိယပိုင်းတွင် လက်ထောက်ဒိုင်အဒမ်နွန်းကို တွန်းခဲ့ခြင်းနှင့်ပတ်သက်၍ အရေးယူခံရမည်မဟုတ်ကြောင်းထိုကိစ္စကို ဒိုင်က ကွင်းအတွင်းဖြေရှင်းပြီး၍ ဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြသည်။

လီဗာပူးကို ၇-၀ ဖြင့်ရှုံးနိမ့်ပြီးနောက်တစ်နေ့မနက်တွင် တန်းဟက်သည် လေ့ကျင့်ရေးသို့ မနက် ၇ နာရီတွင် ရောက်ရှိလာခဲ့သည်။ ထို့နောက် ကစားသမားများသည် မနက် ၉ နာရီတွင် ရောက်ရှိလာပြီး ကြာသပတေးနေ့တွင် ဘက်တစ်နှင့် အိုးထရက်ဖို့တွင် ကစားရမည့်ပွဲအတွက် ပြင်ဆင်မှုများကို ပြုလုပ်နေသည်။ ကာဆီမီရိုသည် လီဗာပူးနှင့်ပွဲတွင် ဒဏ်ရာတစ်ခုရရှိခဲ့ခြင်းကြောင့် ၎င်း၏ဒဏ်ရာကို ဘက်တစ်နှင့်ပွဲမတိုင်မီတွင် စစ်ဆေးသွားမည်ဖြစ်သည်။ လီဗာပူးနှင့်ပွဲမှ မန်ယူ၏ခြေစွမ်းသည် ပရော်ဖက်ရှင်နယ်မဆန်ကြောင်း လက်ခံနိုင်စရာမရှိကြောင်း တန်းဟက်က ထုတ်ပြောထားသည်။






