Thursday, January 22, 2026
spot_img
spot_img

လာမယ့် နွေရာသီစျေးကွက်မှာ ပိုချက်တီနိုနဲ့ ချဲလ်ဆီးတို့ အင်အားဖြည့်တင်းဖို့ လိုတဲ့ နေရာ ၂နေရာကို ပြောပြသွားတဲ့ အီယန်ရိုက်

ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ လာမယ့်နှစ် ဘောလုံးရာသီ အတွက် အာဂျင်တီးနားလူမျိုး နည်းပြဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုကို ၂နှစ်စာချုပ် ( အပိုတနှစ် ထပ်ချုပ်ခွင့် )နဲ့ နည်းပြသစ် အဖြစ် တာဝန်ပေးအပ်လိုက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ် ။

ဒီအတွက်ကြောင့် ပိုချက်တီနိုဟာ ဇွန်လက စတင်ကာ အသင်းသစ်နဲ့ သူ့ရဲ့ လုပ်ငန်းအထွေထွေ စတင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ။ ချဲလ်ဆီး ဘုတ်အဖွဲ့နဲ့ ပိုချက်တီနိုတို့ရဲ့ ဒီနွေတတွင်း အဓိက ပစ်မှတ်ထားနေကာ ဖောင်းကားနေတဲ့ ကစားသမား အင်အားကို လျှော့ချဖို့ ဖြစ်ပါတယ် ။

နာမည်ကြီး အပြောင်းအရွှေ့ ဂျာနယ်လစ် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ချဲလ်ဆီးဟာ ယခု စျေးကွက် အတွင်း ကစားသမား ၁၀ယောက်ထက်မနည်း ရှင်းထုတ်ဖို့ ကြိုးစားမှာ ဖြစ်သလို ၊ ပိုချက်တီနိုမှ တောင်းဆိုတဲ့ ကစားသမားသစ် အနည်းငယ်ကိုလည်း သေချာစိစစ် ခေါ်ယူပေးသွားမယ်လို့ သိရပါတယ် ။

လက်ရှိမှာ ချဲလ်ဆီး ဘုတ်အဖွဲ့ဟာ စပို့တင်းလစ္စဘွန်း အသင်းရဲ့ ဥရုဂွေး ကြယ်ပွင့် ကွင်းလယ်လူ မန်နူရယ် အူဂါတေးကို ခေါ်ယူဖို့ ပီအက်စ်ဂျီ အသင်းနဲ့ အပြိုင် ကြိုးပမ်းပေးနေကာ ၊ ကစားသမားရဲ့ စူပါအေးဂျင့် ဖြစ်သူ ဂျော့ခ်ျမန်ဒက်ဇ်ကိုလည်း အပြောင်းအရွှေ့ ဖြစ်မြောက်ရေး အတွက် တွန်းအားပေးနေပါတယ် ။

တိုက်စစ်မှူးအသစ် မဖြစ်မနေ ခေါ်ယူရေးဟာ ပိုချက်တီနိုနဲ့ ချဲလ်ဆီး အတွက် နံပါတ်တစ် ပစ်မှတ် အဖြစ် ရှိနေသေးပေမယ့် ၊ လိုက်ပ်ဇစ်မှ ရောက်လာမယ့် ခရစ်တိုဖာ အန်ကန်ကူကြောင့် အလေအလွင့် ခေါ်ယူမှုမျိုး မဖြစ်အောင် သတိထား ကြိုးပမ်းသွားမယ်လို့ သိရပါတယ် ။

အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက်က ချဲလ်ဆီး ပရိသတ်တွေ အနေနဲ့ ပိုချက်တီနိုက နည်းပြသစ် ဖြစ်လာတာကို စိတ်လှုပ်ရှားနေဖို့ တိုက်တွန်းရင်း ၊ ယင်းအာဂျင်တိုင်းသား အဖို့ အထောင်တိုက်စစ်မှူးနဲ့ ဂိုးသမား တနေရာစီသာ အင်အား ဖြည့်တင်းဖို့ လိုအပ်ကြောင်း အကြံပြုခဲ့ပါတယ် ။

BBC Match of the Day အစီအစဉ်မှာ ရိုက် က ” ပိုချက်တီနိုဟာ ဒီနွေတတွင်းမှာ အများကြီး အင်အား ထပ်ဖြည့်ဖို့ လိုမယ် မထင်ပါဘူး ။ ဘာလို့လဲဆိုတော့ သူ့မှာ ထိပ်တန်းအဆင့် နည်းပြ အရည်အချင်းမျိုး ရှိသလို ၊ လူငယ် ကစားသမားတွေကို ကိုင်တွယ်လေ့ကျင့်ပေးတာ အရမ်း တော်ပြီး ၊ အသင်း တသင်းကို စုစည်းပုံ ကျစ်လျစ်မှု ရှိလို့ပါ ။ ”

” ခင်ဗျား အနေနဲ့ လက်ရှိ ချဲလ်ဆီး အသင်းကို ကြည့်မယ်ဆိုရင် သူတို့ဟာ လာမယ့် နွေရာသီမှာ ဂိုးသမား တနေရာနဲ့ တိုက်စစ်မှူး တနေရာ သေချာပေါက် ဖြည့်ဖို့ပဲ လိုပါလိမ့်မယ် ။ လက်ရှိ ကစားသမားစာရင်းကို ကြည့်လိုက်ရင် သူတို့ဟာ တခြား နေရာတွေ အတွက် လုံလောက်တဲ့ အရည်အသွေး ရှိပြီးသားပါ ။ ”

” သူ့အနေနဲ့ လက်ရှိ ကစားသမား အရေအတွက်ကို အနည်းငယ် လျှော့ချပြီး ၊ အရည်အသွေး မြင့်မားတဲ့ ကစားသမားသစ် ခေါ်ယူမှု အချို့ လုပ်ဖို့ပဲ လိုပါမယ် ။ သူတို့မှာ ကွာလတီက ရှိပြီးသားဖြစ်ပေမယ့် ၊ နည်းနည်းပါးပါး ထပ်တိုးဖြည့်ရပါဦးမယ် ။ ”

” ချဲလ်ဆီး ပရိသတ်တွေ အနေနဲ့ ပိုချက်တီနိုက သူတို့ရဲ့ နည်းပြသစ် ဖြစ်လာတာနဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားသင့်ပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ လက်ရှိ ချဲလ်ဆီး အခြေအနေကို ကိုင်တွယ်ဖြေရှင်းပေးမှာမို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments