PSG အသင်းတွင် တိုက်စစ်ကစားသမားများဖြစ်သည့် မက်ဆီ၊ နေမာတို့၏အပြောင်းအရွှေ့သတင်းများ လှုပ်ခတ်နေသော်လည်း အသင်းတိုက်စစ်မှူး ဘာပေက လာမည့်ရာသီတွင် အသင်း၌ ဆက်လက်ကစားသွားမည်ဟု အတည်ပြုခဲ့သည်။ ဘာပေသည် ပြင်သစ်လီဂူး အကောင်းဆုံးဆုပေးပွဲအခမ်းအနားသို့ တက်ရောက်လာစဉ် ယင်းကဲ့သို့ ကတိပေးခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်က တည်ငြိမ်သူတစ်ယောက်ပါ။ ဒီအခမ်းအနားမှာရှိနေလို့ အရမ်းပျော်ပါတယ်။ ကျွန်တော်က အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ပြီး ဒါက အရေးကြီးတဲ့အရာတစ်ခုပါ။ ကျွန်တော့်မှာ စာချုပ်သက်တမ်းရှိနေပါတယ်။ နောက်ရာသီအတွက်ပေါ့။ ကျွန်တော် အဲဒီမှာပဲရှိနေမှာပါ။ ကျွန်တော် အရမ်းပျော်ပါတယ်”ဟု ဘာပေက သူ၏အနာဂတ်အား မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ဘာပေသည် ပြင်သစ်လီဂူးပြိုင်ပွဲ၏ ၂၀၂၂-၂၃ ရာသီအတွက် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး ယခုဆုကို လေးနှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဘာပေသည် ယခုဆုကို ၂၀၁၈-၁၉ ရာသီတွင် စတင်ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၉-၂၀ ရာသီ၌မူ ကိုဗစ်ကပ်ဘေးကြောင့် ပြင်သစ်လီဂူးပြိုင်ပွဲကို ရာသီပြီးဆုံးအောင် ကစားနိုင်ခြင်းမရှိသဖြင် ဆုချီးမြှင့်ခြင်းမရှိခဲ့ပေ။
ဘာပေသည် ယခုရာသီမတိုင်မီက ပြင် သစ်လီဂူးအကောင်းဆုံးကစားသမားဆု အ များဆုံးရရှိထားသူအဖြစ် PSG တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်နှင့်အတူ သုံးကြိမ်စီဖြင့် ပူးတွဲဦးဆောင်နေရာမှ ယခုအခါ တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ်ရပ်တည်နိုင် ခဲ့ခြင်းလည်းဖြစ်သည်။

ဘာပေက “ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ဒီအရိပ်အောက်မှာ အတူအလုပ်လုပ်နေကြသူ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီလို အမှတ်အသားတစ်ခုကို ကျွန်တော် အမြဲတမ်းချန်ထားခဲ့ချင်တာပါ။ ဒီလောက်စောစောရရှိလိမ့်မယ်လို့တော့ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်နိုင်ငံမှာ ဒီလိုသမိုင်းတစ်ခု ဖန်တီးနိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်”ဟု ပြောကြားခဲ့သည်။
ဘာပေသည် PSG အ သင်းနှင့် ၂၀၂၄ အထိ စာချုပ်ချုပ်ဆိုထားပြီး တစ်နှစ်သက်တမ်းတိုးခွင့်လည်းရှိကြောင်းသိရသည်။






