မန်ယူနည်းပြ တန်ဟက်ဂ်အနေဖြင့် ရာထူးမှထုတ်ပယ်မခံရဘဲ လာမည့်ရာသီတွင် အသင်းနည်းပြအဖြစ် ဆက်ရှိနေမည်ဆိုပါက ကစားသမားအပြောင်းအရွှေ့ကိစ္စရပ်များအတွက် လုပ်ပိုင်ခွင့်ဆုံးရှုံးဖွယ်ရှိနေဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ဒတ်ချ်လူမျိုးနည်းပြ တန်ဟက်ဂ်သည် မန်ယူအသင်းကို စတင်ကိုင်တွယ်သည့် ၂၀၂၂ ခုနှစ်ကစပြီး အသင်း၏ကစားသမားအပြောင်းအရွှေ့ကိစ္စရပ်များတွင် အဓိကဆုံးဖြတ်ချက်ချခဲ့သူဖြစ်သည်။ အထူးသဖြင့် တန်ဟက်ဂ်သည် မန်ယူအသင်း၏ ကစားသမားခေါ်ယူမှုများတွင် အဆုံးအဖြတ်ပေးခဲ့သူဖြစ်ပြီး နယ်သာလန်လိဂ်မှ ကစားသမားများကို အဓိကထားခေါ်ယူခဲ့သည်။ တန်ဟက်ဂ်၏ မန်ယူနည်းပြဘ၀ ပထမဆုံးရာသီတွင် အောင်မြင်မှုများ ရရှိခဲ့သော်လည်း ၎င်းင်းအနေဖြင့် ကစားသမားသစ်များ ခေါ်ယူမှုနှင့်ပတ်သက်ပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

မန်ယူအသင်း၏ ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို ဗြိတိန်ဘီလျံနာ ဆာဂျင်ရက်ကလစ်ဖ် ဝယ်ယူပြီးနောက် ကစားသမားအပြောင်းအရွှေ့ကိစ္စရပ်များအတွက် တန်ဟက်ဂ်၏လုပ်ပိုင်ခွင့်မှာ အားနည်းလာဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက သုံးသပ်နေကြသည်။ မန်ယူပူးတွဲ ပိုင်ရှင်သစ် ရက်ကလစ်ဖ်သည် မန်စီးတီးဘောလုံးဖွဲ့ဖြိုးရေးဒါရိုက်တာဟောင်း အိုမာဘရာဒါကို အမှုဆောင်ချုပ်အဖြစ် ခန့်အပ်ထားသလို၊ နယူးကာဆယ်အားကစားဒါရိုက်တာ ဒန်အက်ဒ်ဝက်ချ်ကိုလည်း အသင်းအားကစားဒါရိုက်တာအဖြစ် ခန့်အပ်ရန် ဆောင်ရွက်ရှိသည်။ ထို့ပြင် မန်ယူအသင်းအနေဖြင့် ဆောက်သမ်တန်အားကစားဒါရိုက်တာ ဝီလ်ကော့စ်ကိုလည်း ချဉ်းကပ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။
ရက်ကလစ်ဖ်အနေဖြင့် ၎င်းတို့ကို ရာထူးများခန့်အပ်နိုင်ခဲ့ပါက မန်ယူအသင်း၏ကစားသမားအပြောင်းအရွှေ့ကိစ္စရပ်များတွက် တန်ဟက်ဂ်အနေဖြင့် လုပ်ပိုင်ခွင့်ဆုံးရှုံးနိုင်ကြောင်း Daily Mail က ဖော်ပြခဲ့ခြင်းဖြစ်သည်။ လာမည့်ရာသီမှစပြီး ကစားသမားအပြောင်းအရွှေ့ ကိစ္စရပ်များကို ရက်ကလစ်ဖ်၏အဖွဲ့က ဦးဆောင်လုပ်ကိုင်သွားဖွယ်ရှိနေသည်။






