Tuesday, January 13, 2026
spot_img
spot_img

လာမည့်နွေစျေးကွက်မှာ အက်သလက်တီကိုအတွက် အရေးကြီးသည်ဟု နည်းပြ ဆီမြွန်နီ ဆိုခဲ့ပြီး ကစားသမားသစ် (၇)ဦးအထိ ခေါ်ယူသွားရန်စီစဉ်နေ

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက လာမည့် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ  အသင်းအတွက် အရေးကြီးသည်ဟု ဆိုခဲ့ပြီး နေရာ (၄) နေရာအတွက် ကစားသမားသစ် (၇)ဦးအထိ ခေါ်ယူသွား ရန်စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။ အသက် (၅၄)နှစ်အရွယ်ရှိ အာဂျင်တီးနားလူမျိုးနည်းပြ ဆီမြွန်နီသည် အက်သလက်တီကိုအသင်းအား (၁၂)နှစ်ကျော်ကြာ ကိုင်တွယ်နေသူ ဖြစ်ပြီး အသင်းနှင့်အတူ ဆုဖလားအောင်ပွဲများစွာရယူနိုင်ခဲ့သလို၊ အသင်းအား စပိန်ပြည်တွင်းတွင်သာမက ဥရောပဘောလုံးလောက၏ ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်လာစေရန် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

သို့သော် အက်သလက်တီကိုအသင်းသည် ၂၀၂၁-၂၂ ရာသီမှစတင်ကာ နောက်ဆုံး (၃)ရာသီဆက်တိုက် ဆုဖလားလက်မဲ့ဖြစ်ခဲ့သလို ပြီးဆုံးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင်လည်း နည်းပြဆီမြွန်နီလက်ထက် အဆိုးရွားဆုံးရပ်တည်မှုအဖြစ် လာလီဂါအမှတ်ပေးဇယား အဆင့် (၄) နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။ (မှတ်ချက်- အက် သလက်တီကိုအသင်းအား ဆီမြွန်နီ ရာသီပြည့်ကိုင်တွယ်သည့် ၂၀၁၂-၁၃ ရာသီမှ စတင်တွက်ချက်ခြင်းဖြစ်သည်။) ထို့ကြောင့် ဆီမြွန်နီ အနေဖြင့် ပြီးခဲ့သည့် နှစ်အပိုင်းအခြား အတွင်း အက်သလက်တီကိုအသင်းနှင့် အနာဂတ်မတည်ငြိမ်မှုသတင်းများထွက်ပေါ်ခဲ့သလို၊ အသင်းအနေဖြင့်လည်း ကွင်းတွင်းစွမ်းဆောင်ရည်ပိုင်းတွင် သိသိသာသာကျဆင်းမှုများရှိခဲ့ကြောင်း ဝေဖန်သုံးသပ်ခဲ့ကြသည်။ 

ထို့ကြောင့် ဆီမြွန်နီအနေဖြင့် လာမည့် ၂၀၂၄ နွေရာ သီအပြောင်းအရွှေ့စျေးကွက်အတွင်း အသင်းအားကြီးမားသည့် ပြောင်းလဲမှုများပြုလုပ်ရန် စီစဉ်နေပြီး နေရာ (၄) နေရာအတွက် ကစားသမားအနည်းဆုံး (၅)ဦးမှ အများဆုံး (၇)ဦးအထိ ခေါ်ယူသွားဖြည့်သွားဖွယ်ရှိနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။ မက်ဒရစ်အခြေစိုက်မီဒီယာများ၏ ဖော်ပြချက်အရ အက်သလက်တီကိုအသင်းသည် လာမည့်နွေစျေးကွက်အတွင်း ဗဟိုနောက်ခံလူ (၂)ဦး၊ ဘယ်နောက်ခံလူ (၁)ဦး၊ ကွင်းလယ်လူ (၁)ဦး (သို့) (၂) ဦးနှင့် တိုက်စစ်မှူး (၁) ဦး (သို့မဟုတ်) (၂) ဦးအထိခေါ် ယူသွားရန်စီစဉ်နေကြောင်းသိရသည်။ 

အသင်း၏ နွေစျေး ကွက်အခြေအနေနှင့်ပတ်သက်ပြီး ဆီမြွန်နီက “ကျွန်တော်တို့ (အသင်းအားရည်ညွှန်း) အကောင်းဆုံးအရာတွေကို ဖြည့်ဆည်းနိုင်ဖို့ကြိုးစားရမှာပါ။ အဲဒီအတွက်လည်း ဆွေးနွေးမှုတွေပြုလုပ်နေပြီး စစ်မှန်တဲ့အပြောင်းအလဲဖြစ်ဖို့လိုပါတယ်။ လာမယ့်နွေရာသီဟာ အသင်းအတွက် အရေးကြီးတဲ့ကာလပါပဲ”ဟု စပိန်အားကစားသတင်းစာ AS သို့ဖြေကြားခဲ့သည်။

အက်သလက်တီကိုအသင်းသည် ဆီမြွန်နီလက်ထက် (၁၂)ရာသီအတွင်း လာလီဂါချန်ပီယံဆု (၂)ကြိမ်၊ ယူရိုပါ လိဂ်ချန်ပီယံဆု (၂) ကြိမ်အပါအဝင် ဆုဖလား (၈)လုံးအထိ ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ (၂)ကြိမ်ဆက်တက် ရောက်နိုင်သည့်အထိ စွမ်းဆောင်နိုင်ခဲ့သည်။ ဆီမြွန်နီသည် အက်သလက်တီကိုနှင့် ၂၀၂၇ ခုနှစ်အထိစာချုပ်သက်တမ်း ကျန်ရှိနေသေးသူဖြစ်ပြီး လာမည့်ရာသီသစ်တွင် ဆုဖလားများရယူနိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments