Thursday, January 22, 2026
spot_img
spot_img

‘ လက်ရှိ ချဲလ်ဆီးရဲ့ ပုံစံဟာ ဘောလုံးသမိုင်းမှာ အဆိုးရွားဆုံးပါပဲ ‘ – ပေါလ်မာဆင်

ဒီရာသီ နည်းပြ ၃ဦး အပြောင်းအလဲ လုပ်ထားကာ ၊ အခြေအနေ ကမောက်ကမ ဖြစ်နေတဲ့ ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေ အပြီးမှာ အဆင့် ၁၂ နေရာကို ဆင်းပေးလိုက်ရပါတယ် ။ လက်ကျန် ၆ပွဲလုံးက တမျိုးတဖုံ ကြပ်နေတာကြောင့် ချဲလ်ဆီးတို့ တမှတ်တောင် ရှာနိုင်မယ့်ပုံ မပေါ်ဘူးလို့ ယူဆချက်တွေလည်း ရှိနေကြပါတယ် ။

တဖက်မှာတော့ ကလပ် အထက်တာဝန်ရှိသူတွေဟာ တော့တင်ဟမ်နဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနိုကို လာမယ့် ဘောလုံးရာသီ နည်းပြသစ် အဖြစ် အမြန်ဆုံး ကြိုတင် စာချုပ်ချုပ်နိုင်ဖို့ ကြိုးပမ်းနေပြီး ၊ ယခုနှစ် လက်ကျန်ပွဲ အနည်းငယ် အတွက် တာဝန် မပေးရင်တောင် ၊ အခက်အခဲတွေ စောစောစီးစီး စဉ်းစား ဖြေရှင်းပေးဖို့ အလိုရှိနေကြပါတယ် ။

အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်က အခြေအနေတွေကို ဇိမ်ပြေနားပြေ မကိုင်တွယ်နေဖို့ လာမယ့်ရာသီ ချဲလ်ဆီး နည်းပြသစ် ဖြစ်လာမယ့် ယင်းအာဂျင်တိုင်းသားထံ မက်ဆေ့ခ်ျပေးရင်း ၊ ဒါဟာ ဘောလုံးသမိုင်းတလျှောက် အဆိုးရွားဆုံး ပုံစံ ဖြစ်တယ်လို့ ခေါင်းစဉ်တပ်ခဲ့ပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ မာဆင် က ” ပိုချက်တီနို အနေနဲ့ ချဲလ်ဆီးကို ရောက်လာရင် သွက်သွက်လက်လက် ရှိနေဖို့ လိုပါမယ် ။ ဖရန့်ကို ကျွန်တော် မလေးမစား လုပ်နေတာ မဟုတ်ပါဘူး ။ ပိုချက် အနေနဲ့ ရောက်လာတာနဲ့ နောက်ရာသီ ဘာတွေ လုပ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး မြန်မြန်ဆန်ဆန် ပြင်ဆင်ထားရပါမယ် ။ ”

” ဇူလိုင် တရက်နေ့မှ ရောက်လာပြီး ကစားသမားတွေနဲ့ တွေ့ဆုံပြီးမှ ၊ အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းတာမျိုး ခင်ဗျား လုပ်ချင်မှာ မဟုတ်ပါဘူး ။ ခင်ဗျား ခြေမကိုင်နိုင် လက်မကိုင်နိုင် ဖြစ်နေတဲ့အချိန်မှာပဲ သြဂုတ်လက အလျင်အမြန် ရောက်လာမှာ ဖြစ်ပြီး ၊ စျေးကွက် နောက်ဆုံးရက် ရောက်လာချိန်မှာမှ ကစားသမား ၅ယောက်လောက် ထပ်ရှင်းဖို့ ကျန်နေသေးရင် ၊ ချဲလ်ဆီးဟာ ရုတ်တရက်ဆိုသလို Deadline Day မှာ အလုပ်အရှုပ်ဆုံး အသင်း ဖြစ်လာပါလိမ့်မယ် ။ ”

” ကျွန်တော် ဒါကို အပိုလုပ်ပြီး ပြောနေတာ မဟုတ်ပါဘူး ။ ဒါပေမယ့် ဒါဟာ ဘောလုံးလောကသမိုင်းမှာ အဆိုးရွားဆုံး ပုံစံ ဖြစ်ပါတယ် ။ လူတွေက တချို့ အသင်းတွေဟာ ၂၅ပွဲဆက်တိုက် အနိုင်မရတဲ့ အခြေအနေမျိုးတောင် ကြုံခဲ့ဖူးတာပဲလို့ ပြောကြပါမယ် ။ ဒါပေမယ့် ဒီလို အရည်အသွေး မြင့်မားတဲ့ အသင်းမျိုးနဲ့တော့ ဖြစ်လို့ မရပါဘူး ။ ”

” နိုင်ငံတကာအဆင့်ရှိ ဘောလုံးသမားတွေကို ခင်ဗျား ရထားတဲ့အခါ ၊ အသင်း ၂သင်း နှိုင်းယှဉ်ကြည့်လိုက်ရင် ၊ သူတို့ ပိုင်ဆိုင်ထားတဲ့ အရည်အသွေးမျိုးနဲ့ဆို ကျွန်တော်ကတော့ ဒါဟာ ကမ္ဘာ့ အဆိုးရွားဆုံး ပုံစံလို့ ပြောရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး မာဆင် က ” သူတို့မှာ ရှိနေတဲ့ ကစားသမား အရေအတွက်က တကယ် ရူးလောက်စရာ ကောင်းပါတယ် ။ ကျွန်တော့ အမြင်မှာတော့ သူတို့ မေဆင်မောင့်ကို ဆက်ထိန်းထားရပါမယ် ။ ကြည့်ရတာတော့ သူဟာ ချဲလ်ဆီးကနေ ထွက်ခွာမယ့် စာရင်းဝင် တဦး ဖြစ်နေပုံပါပဲ ။ ”

” ဟုတ်ပါပြီ ။ သူဟာ ဒီနှစ် ဒီလောက်ကြီး ခြေစွမ်း မကောင်းနေသလို ၊ ဒဏ်ရာတွေလည်း ရထားတာ မှန်ပေမယ့် ၊ သူဟာ မနှစ်က ထူးချွန်တဲ့ ကစားသမား တဦးပါပဲ ။ ဒီအခြေအနေကို လျင်လျင်မြန်မြန် ပြောင်းလဲဖို့ လိုတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”

” အခု ပုံစံနဲ့ အာဆင်နယ်ကို သူတို့ ဘယ်လိုလုပ်ပြီး နိုင်မှာလဲ ? ဘရန်းဖို့ဒ်နဲ့ ပွဲကို သူတို့ ရှုံးခဲ့တာ ကျွန်တော် မအံ့သြခဲ့ပါဘူး ။ ဘရိုက်တန်ကို သူတို့ ရှုံးခဲ့တာလည်း ကျွန်တော် လုံးဝ မအံ့သြခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments