ရိုးမားအသင်း၏ နည်းပြဖြစ်သူ ဟိုဆေးမော်ရင်ဟိုက ၎င်းတို့အသင်းနှင့်ပွဲစဉ်တွင် ခြေစွမ်းပြကစားပြီး ဂိုးသွင်းယူနိုင်ခဲ့သည့် နာပိုလီအသင်းတိုက်စစ်မှူး ဗစ်တာအိုဆင်မန်အား သတိပေးပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသက် (၂၄) နှစ်အရွယ်ရှိ စီးရီးအေ၏ ကြယ်ပွင့်တိုက်စစ်မှူး ဗစ်တာအိုဆင်မန်သည် နာပိုလီအသင်းက ရိုးမားအသင်းအား အိမ်ကွင်းတွင် (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် လှပသည့်သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။ အိုဆင်မန်သည် ယခုရာသီတွင် စီးရီးအေပွဲစဉ် (၂၀) အပြီး သွင်းဂိုး (၁၅)ဂိုး အထိသွင်းယူကာ ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေသူတစ်ဦးလည်းဖြစ်ပြီး ၎င်းအား မန်ယူ၊ ချယ်လ်ဆီး စသည့် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးများကလည်း ခေါ်ယူရန် စောင့်ကြည့်လျက်ရှိသည်။

ယင်းပွဲအပြီးတွင် သတင်းထောက်များက အိုဆင်မန်နှင့် ပတ်သက်ပြီး သုုံးသပ်ပေးရန် မော်ရင်ဟိုအား မေးမြန်းခဲ့ရာတွင် မော်ရင်ဟို က “သူက ဒရော့ဘာလို အဆင့်အတန်းမျိုးမှာ ရှိတဲ့ ကစားသမားပါ။ ဒါပေမဲ့ ဒရော့ဘာက ဒိုင်ဗင်ထိုးလေ့မရှိဘူး။ တကယ်လို့သာ ဗစ်တာအနေနဲ့ ဒါကို ပြောင်းလဲနိုင်မယ်ဆိုရင် အိုကေပါတယ်။ ငွေအများဆုံးသုံးနိုင်တဲ့ ကလပ်အသင်းတစ်သင်းသင်းကို ကျွန်တော် နည်းပြဖြစ်နေမယ်ဆိုရင် သူ့ကို ကျွန်တော် ခေါ်မှာပါ။ ဒါပေမဲ့ သူဟာ တစ်ချိန်ချိန်မှာ ပရီးမီးယားလိဂ်ကိုသာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ဒီအပြုအမူကို လုံးဝပြောင်းလဲပစ်ဖို့ လိုပါတယ်။ အီတလီမှာ ဒါက ပြဿနာမဟုတ်ပေမဲ့ အင်္ဂလန်မှာတော့ ဒီလိုလုပ်တာကို လက်မခံကြပါဘူး။ ဖိအားတွေ ဖြစ်လာစေပါလိမ့်မယ်။ ဒီပွဲအပြီးမှာလည်း ဗစ်တာနဲ့ ကျွန်တော် စကားပြောခဲ့တယ်။ မင်း အရမ်းကောင်းတဲ့ ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့တယ်။ ဒါပေမဲ့ မင်း အရမ်းလှဲချဖို့ ကြိုးစားနေတာမျိုးကိုတော့ ရပ်ပစ်ဖို့ လိုတယ်ဆိုတဲ့အကြောင်းပါ။ သူ သွင်းခဲ့တဲ့ ဂိုးက တကယ်ကောင်းပါတယ်။ ဒီရာသီအစောပိုင်းတုန်းက သူတို့အသင်းနဲ့ ကျွန်တော်တို့ ကစားတုန်းကလည်း သူ ဒီလိုလုပ်နိုင်ခဲ့ပါသေးတယ်။ ဒါကြောင့် သူက တကယ်ကောင်းတဲ့ တိုက်စစ်မှူးပါ။ ဒါပေမဲ့ ဒိုင်ဗင်တော့ မထိုးသင့်ဘူး”ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မန်ချက်စတာယူနိုက်တက်အသင်းသည် ၎င်းတို့အသင်း၏ တိုက်စစ်ပိုင်းအတွက် အထောင်တိုက်စစ်မှူးတစ်ဦးကို အလိုရှိနေရာ ဗစ်တာအိုဆင်မန်သည် မန်ယူအသင်း စောင့်ကြည့်နေသည့် ကစားသမားများထဲမှ တစ်ဦးဖြစ်ပြီး အိုဆင် မန်ကလည်း ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် စိတ်ဝင်စားနေသည်ဟုသိရှိရသည်။ အိုဆင်မန်သည် ပြီးခဲ့သည့်ရာသီတွင် စီးရီးအေအကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့သူဖြစ်သည်။






