မနေ့ညက ကျင်းပခဲ့တဲ့ ဖီဖာ ရဲ့ တနှစ်တာ အကောင်းဆုံးဆုပေးပွဲ ( The Best Award ) မှာ အာဂျင်တီးနား နဲ့ PSG တိုက်စစ်မှူး လီယွန်နယ် မက်ဆီ က အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆုကို ဆွတ်ခူး ရရှိသွားခဲ့ ပါတယ် ။
မက်ဆီ ဟာ ဒီဆု အတွက် PSG အသင်းဖော် ခီလီယံ အမ်ဘာပေ ၊ ရီးရဲတိုက်စစ်မှူး ကာရင် ဘန်ဇီးမား တို့နဲ့ အဓိက ယှဉ်ပြိုင်ခဲ့ရပါတယ် ။

ဒီဆု အတွက် ဖီဖာ လက်အောက်မှာ ရှိတဲ့ နိုင်ငံ လက်ရွေးစင် အသင်းအားလုံးရဲ့ အသင်းခေါင်းဆောင်တွေ နဲ့ အသင်း နည်းပြတွေ ၊ နိုင်ငံတခုချင်းစီ ကို ကိုယ်စားပြုတဲ့ မီဒီယာသမားတွေ ( ဂျာနယ်လစ်တွေ ) က စုပေါင်း မဲပေးခဲ့ကြတာ ဖြစ်ပြီး ပရိသတ်တွေကိုလည်း အွန်လိုင်းကနေ မဲပေးနိုင်ဖို့ ခွင့်ပြုပေးခဲ့ပါတယ် ။
မက်ဆီ ဟာ အမှတ်စုစုပေါင်း ၅၂ မှတ် ရရှိခဲ့ပြီး အမ်ဘာပေ က ၄၄ မှတ် ၊ ဘန်ဇီးမား က ၃၄ မှတ် ရရှိခဲ့ကြပါတယ် ။
မက်ဆီ ဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် အဖြစ် မဲပေးခွင့် ရခဲ့ပြီး နေမာ ကို ပထမ နေရာမှာ ရွေးချယ်ခဲ့ပြီး ဘာပေ ကို ဒုတိယ ၊ ဘန်ဇီးမား ကို တတိယနေရာမှာ ရွေးချယ်ခဲ့ ပါတယ် ။
ဒီနေရာမှာ ထူးခြားတာကတော့ ပေါ်တူဂီ အတွက် ခရစ္စတီယာနို ရိုနယ်ဒို က မဲမပေးခဲ့တာပါပဲ ။

ရိုနယ်ဒို ဟာ ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် ဖြစ်ပြီး ဖီဖာ ဆုပေးပွဲ အတွက် မဲပေးခွင့် ရရှိထားသူပါ ။ ဒါပေမယ့် ဖီဖာ က ထုတ်ပြန်တဲ့ မဲပေးမှု စာရင်းမှာတော့ ပေါ်တူဂီ အသင်းခေါင်းဆောင် နေရာမှာ ကက်ပလာ ဖာရဲရား ဆိုတဲ့ အမည် နဲ့ ဘာပေ ၊ မိုဒရစ် ၊ ဘန်ဇီးမား တို့ကို မဲပေးထားတာကို တွေ့မြင်ခဲ့ရပါတယ် ။
သူကတော့ တခြားသူ မဟုတ်ပါဘူး ။ ပီပီ ပါပဲ ။
ပီပီ ဟာ ပေါ်တူဂီ အသင်း နောက်ဆုံး ကစားခဲ့တဲ့ပွဲ ( မော်ရိုကို နဲ့ ကမ္ဘာ့ဖလား ပွဲစဉ် ) မှာ အသင်းခေါင်းဆောင် အဖြစ် ပွဲထွက် ကစားခဲ့သူပါ ။ ပေါ်တူဂီဟာ နည်းပြ အပြောင်းအလဲ ပြုလုပ်ထားပြီး ဘယ်လ်ဂျီယံ နည်းပြဟောင်း ရော်ဘတ်တို မာတီနက်ဇ် ကို မကြာသေးခင်ကမှ အစားထိုး ခန့်အပ်ခဲ့ပါတယ် ။
မာတီနက် က သူ့ရဲ့ ပထမဆုံးသတင်းစာ ရှင်းလင်းပွဲမှာ ရိုနယ်ဒို ဟာ အသင်းရဲ့ အစိတ်အပိုင်းအဖြစ် ရှိနေသေးတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပေမယ့် ဖီဖာ ဆုပေးပွဲရဲ့ အသင်းခေါင်းဆောင် နေရာမှာတော့ ပီပီ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ် ။
ရိုနယ်ဒို ဟာ ဒီနှစ် ဆုပေးပွဲအတွက် မဲမပေးဖို့ စိတ်ကူး ခဲ့တာကြောင့် ပီပီ က မဲဝင်ပေးခဲ့တာလား ၊ ဒါမှမဟုတ် ရိုနယ်ဒို ရဲ့ အခန်းကဏ္ဍ ကို ဖယ်ရှားထားလိုက်ပြီလား ဆိုတာကတော့ စိတ်ဝင်စားစရာ မေးခွန်းတခု အဖြစ် ထွက်ပေါ်လာခဲ့ ပါတယ် ။
ဖီဖာဆုပေးပွဲ အတွက် နာမည်ကြီး အသင်းခေါင်းဆောင်တွေရဲ့ မဲပေးမှုများ –
မက်ဆီ ( အာဂျင်တီးနား )
နေမာ ၊ အမ်ဘာပေ ၊ ဘန်ဇီးမား
သီယာဂို ဆေးလ်ဗား ( ဘရာဇီး )
နေမာ ၊ မက်ဆီ ၊ ဘန်ဇီးမား
မိုဟာမက် ဆာလာ ( အီဂျစ် )
ဗီနီဆီယပ် ဂျူနီယာ ၊ ကယ်ဗင် ဒီဘရိုင်းနာ ၊ ဟာခီမီ
ဟယ်ရီကိန်း ( အင်္ဂလန် )
မက်ဆီ ၊ မာနေး ၊ ဘန်ဇီးမား
ပြင်သစ် ( ဟူဂိုလိုရိစ် )
ဘာပေ ၊ ဘန်ဇီးမား ၊ မက်ဆီ
နူအာ ( ဂျာမနီ )
မက်ဆီ ၊ ဘာပေ ၊ လီဝန်ဒေါ့စကီး
ဘိုနူချီ ( အီတလီ )
မက်ဆီ ၊ ဘန်ဇီးမား ၊ မိုဒရစ်
ဆွန်ဟောင်မင် ( တောင်ကိုရီးယား )
မက်ဆီ ၊ ဘာပေ ၊ ဘန်ဇီးမား
ဗာဂျယ် ဗန်ဒိုက် ( နယ်သာလန် )
မက်ဆီ ၊ ဆာလာ ၊ ဒီဘရိုင်းနား
မာတင် အိုဒီဂတ် ( နော်ေ၀ )
မက်ဆီ ၊ ဟာလန်း ၊ ဘာပေ
လီဝန်ဒေါ့စကီး ( ပိုလန် )
မက်ဆီ ၊ ဘာပေ ၊ မိုဒရစ်
ကပ်ပလာ ဖာရဲရား ( ပေါ်တူဂီ )
ဘာပေ ၊ မိုဒရစ် ၊ ဘန်ဇီးမား
အန်ဒီ ရောဘတ်ဆန် ( စကော့တလန် )
မက်ဆီ ၊ ဘာပေ ၊ ဆာလာ
ကူလီဘာလေ ( ဆီနီဂေါ )
မာနေး ၊ ဘာပေ ၊ မက်ဆီ
ဆာဂျီယို ဘက်စကွက် ( စပိန် )
မက်ဆီ ၊ လီဝန်ဒေါ့စကီး ၊ ဘန်ဇီးမား






