ယမန်နေ့ ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းဆင့် ရှုံးထွက် ပထမ အကျော့မှာတော့ အသင်းကြီး အားလုံးနီးပါး အနိုင်ရရှိခဲ့ ကြပါတယ် ။ အာဆင်နယ် ကတော့ အဝေးကွင်းမှာ စပို့တင်း လစ္စဘွန်း နဲ့ ၂ ဂိုးစီ သရေ ရလဒ် ကို ယူဆောင် နိုင်ခဲ့ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဟာ အိမ်ကွင်းမှာ ရိးရဲ ဘက်တစ် ကို ၄-၁ နဲ့ အနိုင် ကစားပြီး လီဗာပူး ကို ၇-၀ နဲ့ ရှုံးနိမ့်မှု ကနေ ပြန်လည် နိုးထပြခဲ့ ပါတယ် ။

ရိုးမား ကလည်း ရီးရဲ ဆိုဆီဒက် ကို ၂-၀ ၊ လေဗာကူဆင် က ဖီရန်ဗားရော့စ် အသင်းကို ၂-၀ တို့နဲ့ အနိုင် ကစားခဲ့ကြပြီး ယူနီယံဘာလင် ၊ ရှက်တာဒိုးနက် တို့ကတော့ အိမ်ကွင်းတွေမှာ သရေ ပွဲတွေ ဖြစ်ခဲ့ကြ ပါတယ် ။

စီးရီးအေ ထိပ်သီး ယူဗင်တပ် ဟာ အိမ်ကွင်းမှာ ဖရိုင်းဘတ် ကို ၁-၀ နဲ့ အနိုင် ကစားခဲ့ပြီး ဒီမာရီယာ က တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ ပါတယ် ။ ယူရိုပါလိဂ် သမ္ဘာရင့်ကြီး ဆီဗီးလား လည်း ပထမ အကျော့ကို အနိုင် ရလဒ်နဲ့ ပိတ်သိမ်း နိုင်ခဲ့ပြီး အိမ်ကွင်းမှာ ဖီနာဘာချီ အသင်းကို ၂-၀ နဲ့ အနိုင် ကစားခဲ့ ပါတယ် ။
ယူရိုပါ ကွန်းဖရန်စ့်လိဂ် ရဲ့ ၁၆ သင်းဆင့် ပွဲစဉ်တွေ မှာတော့ ဝက်စ်ဟမ်း ၊ နိစ် ၊ ဖီအိုရင်တီးနား တို့ အနိုင် ရခဲ့ကြကာ ဗီလာရီးရဲ ကတော့ အန်ဒါလက်ချ် နဲ ၁ ဂိုးစီ သရေကျခဲ့ ပါတယ် ။ စီးရီးအေ ကလပ် လာဇိယို ကတော့ အိမ်ကွင်းမှာ အယ်လ်ခမာ အသင်းကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီး ဒုတိယ အကျော့အတွက် ဖိအား ဝင်သွားခဲ့ရ ပါတယ် ။
ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယွန် က သူဟာ ဘာစီလိုနာ နဲ့ တခါမှ မရဖူး သေးတဲ့ အမှတ်ပေး ချန်ပီယံဆု ကို ရယူဖို့ စိတ်ဆန္ဒ ပြင်းပြ နေပြီး အသင်းနဲ့ နောက်ထပ် အောင်မြင်မှုတွေလည်း ဆက်လက် ရယူသွားလို ပါတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် နွေရာသီမှာ အသင်းကို ကြီးကြီးမားမား အားဖြည့်ဖို့ ရှိနေပြီး ရီးရဲ မက်ဒရစ် ကွင်းလယ် ကြယ်ပွင့် ချုဝါမာနီ ကို ယူရို သန်း ၁၃၀ လောက်အထိ ကမ်းလှမ်းဖို့ စိတ်ကူးနေတယ်လို့ ကောလဟာလသတင်းတခု ပေါ်ထွက်လာခဲ့ ပါတယ် ။
ဒါ့အပြင် ချဲလ်ဆီး ကွင်းလယ်လူ မေဆင်မောင့် ၊ နာပိုလီ တိုက်စစ်မှူး အိုဆင်ဟမ်း နဲ့ ဒေါ့မွန် ကွင်းလယ်လူ ဘယ်လင်ဂမ် တို့ကိုလည်း ကြိုးစား သွားမယ်လို့ သိရပါတယ် ။
ခြေကျင်းဝတ် ဒဏ်ရာကို ခွဲစိတ်ကုသခဲ့တာကြောင့် ဖေဖော်ဝါရီ လထဲမှာ အနားယူနေရတဲ့ လိဒ်ယူနိုက်တက် ရဲ့ အားထားရတဲ့ တိုက်စစ်မှူး ရိုဒရီဂို ဟာ ဒီတပတ် ကစားမယ့် ဘရိုက်တန် နဲ့ ပွဲစဉ်မှာ ပြန်လည် ပါဝင် လာနိုင်ချေ ရှိတယ်လို့ သိရှိရ ပါတယ် ။
ဝက်စ်ဟမ်း ယူနိုက်တက် ဟာ နည်းပြ ဒေးဗစ် မိုရက်စ် ကို ထုတ်ပယ် ဖြစ်ခဲ့ပါက မစ်ဒယ်ဘရော့ ကို ရလဒ်ကောင်းတွေ ရရှိအောင် ကိုင်တွယ် ပေးနေတဲ့ မန်ယူနိုက်တက် နဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူဟောင်း မိုက်ကယ် ကာရစ် ကို နည်းပြ အဖြစ် အစားထိုး ခန့်အပ်ဖို့ စိတ်ကူးနေတယ်လို့ ကြားသိရ ပါတယ် ။
လက်စတာ စီးတီး နည်းပြ ရော်ဂျာ ဟာ သူ့ရဲ့ လူထုတ်ပုံ ကို ဝေဖန် ခဲ့တဲ့ အသင်းသား ဗက်စတာဂတ် ကို အသင်းနဲ့ လေ့ကျင့်ခွင့် မပြုဘဲ သီးခြား လေ့ကျင့်ဖို့ ညွှန်ကြားခဲ့တယ်လိ့ု သိရှိရ ပါတယ် ။
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FA ဟာ မနှစ်က ကစားခဲ့တဲ့ FA Cup ဆီမီးဖိုင်နယ် ပွဲစဉ် က ရရှိတဲ့ ကွင်းဝင်ကြေး တွေ အနက် က ပေါင် ၁ သန်း ကို ယူကရိန်း ရန်ပုံငွေ အဖွဲ့အစည်းတွေထံ လှူဒါန်း သွားမယ်လို့ ကြားသိရ ပါတယ် ။
နယ်သာလန် နဲ့ ဘာစီလိုနာ ဂိုးသမားဟောင်း ဂျက်စပါ ဆီလက်ဆန် ဟာ မိသားစု ကို ကြည့်ရှုစောင့်ရှောက်မှု ပျက်ကွက် ခဲ့သလို သူမ ကိုလည်း ( သူမရဲ့ မဖွယ်မရာဓါတ်ပုံတွေပြကာ ) အကြပ်ကိုင် ငွေညှစ်ခဲ့တယ်လို့ ဆီလက်ဆန် ရဲ့ ချစ်သူဟောင်း မာရီယာ မော်ဂန် က ထုတ်ဖော် ပြောဆိုလာခဲ့ ပါတယ် ။
လက်ရှိ ၂၀၂၂-၂၃ အမျိုးသမီး စူပါလိဂ် ရဲ့ နောက်ဆုံးပိတ် ပွဲစဉ် ကို မေလ ၂၇ ရက်နေ့မှာ ကစားသွားမယ်လို့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က အတည်ပြု ကြေညာသွားခဲ့ ပါတယ် ။






