ရိုးမားအသင်း၏ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုက အောက်တိုဘာ (၂၂)ရက်နေ့က ယှဉ်ပြိုင်ခဲ့သည့် စီးရီးအေပွဲစဉ် (၉)ရိုးမား (၁-ဝ) မွန်ဇာပွဲစဉ်တွင် ပြိုင်ဘက် မွန်ဇာအသင်းမှာ မိမိတို့အသင်းအား အခက်တွေ့အောင်ကစားသွားခဲ့ပြီး အရှုံးရလဒ်နှင့်မထိုက်တန်ကြောင်း ချီးကျူးပြောကြားခဲ့သည်။
အဆိုပါပွဲစဉ်တွင် ရိုးမားအသင်းသည် ပွဲချိန် (၉၀)မိနစ်တွင် လူစားဝင်တိုက်စစ်မှူး အယ်လ်ရှာရာဝီသွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့်အနိုင်ရခဲ့ခြင်းဖြစ်ပြီး စီးရီးအေ နောက်ဆုံး (၃)ပွဲဆက်အနိုင်ရလဒ်နှင့်အတူ အမှတ်ပေးဇယားအဆင့် (၇)နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။

မော်ရင်ဟိုက “သူတို့ (မွန်ဇာ)အသင်းဟာ ကစားသမားကောင်းတွေ၊ နည်းပြကောင်းတွေနဲ့စုဖွဲ့ထားတဲ့အသင်းဖြစ်ပြီး ကျွန်တော်တို့ကို အခက်တွေ့စေခဲ့ပါတယ်။ မွန်ဇာအနေနဲ့ အရှုံးနဲ့မထိုက်တန်ဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟုပွဲအပြီးတွင် ပြောကြားခဲ့သည်။
ထို့ပြင် မော်ရင်ဟိုက မွန်ဇာနှင့်ပွဲစဉ်တွင် မိမိတို့အသင်းအနေဖြင့် နည်းစနစ်ပိုင်းအားနည်းချက်များရှိခဲ့ပြီး အသင်း၏စိတ်ပိုင်းဆိုင်ရာသန်မာမှုကြောင့်သာ နိုင်ပွဲရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ခက်ခက်ခဲနိုင်ပွဲရယူနိုင်မှုအပေါ် အလွန်ကျေနပ်မိကြောင်းလည်း ပြောကြားခဲ့သည်။






