လာမည့်ကြာသပတေးနေ့တွင်ကစားရမည့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့တွင် ဆီဗီလာသည် အိမ်ကွင်း၌ မန်ယူကို လက်ခံကစားရမည်ဖြစ်သည်။ ပထမအကျော့တွင် မန်ယူသည် ၂ ဂိုးဖြင့်ဦးဆောင်နိုင်သော်လည်းပွဲပြီးရန် ၁၀ မိနစ်အလိုတွင် မန်ယူခံစစ်မှူးများက ကိုယ့်ဂိုးကိုယ်နှစ်ကြိမ်သွင်းပြီး ၂ ဂိုးစီသရေကျခဲ့သည်။

စပိန်မြေတွင်ကစားရမည့်ဒုတိယအကျော့တွင် ဆီဗီလာသည် မန်ယူအသင်းကို လွတ်လွတ်လပ်လပ်ဖြင့် ရဲတင်းစွာကစားပြီး အနိုင်ယူနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း နည်းပြချုပ် မန်ဒီလီဘာက ပြောဆိုလိုက်သည်။
ဆီဗီလာသည် အသင့်လျော်ဆုံးအချိန်တွင် အကောင်းဆုံးခြေစွမ်းပြပြီး မန်ယူအသင်းကို ကွာတားဖိုင်နယ်တွင် ကျော်ဖြတ်နိုင်ရန် အလားအလာရှိသည်ဟု မန်ဒီလီဘာက ယူဆနေသည်။

“အဓိကကျတာက ယုံကြည်ချက်ရှိဖို့လိုအပ်ပါတယ်။ တခါတလေမှာ ခြေစွမ်းက အကောင်းဆုံး မဟုတ်ပေမယ့် ရလဒ်ကောင်းတွေရနိုင်ပါတယ်။ ခြေစွမ်းသာကောင်းမယ်ဆိုရင် အကောင်းဆုံးရလဒ် ရနိုင်ပါတယ်။ မန်ယူနဲ့ကစားမယ့်ပွဲမှာ ဒီလိုတွေးထားနိုင်ဖို့ လိုအပ်ပါတယ်”ဟု မန်ဒီလီဘာက ပြောဆိုလိုက်သည်။







