မနေ့ညက လီဗာပူးတို့ လက်စတာကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဂျေမီကာရေဂါ နဲ့ ဂယ်ရီနဗီး တို့က နယူးကာဆယ်ဟာ top 4 ကနေ ထွက်သွားရန် အန္တရာယ် အရှိဆုံး အခြေအနေ ဖြစ်နေတယ်လို့ သုံးသပ်လိုက်ပါတယ်။

နဗီးက “လီဗာပူးဟာ ၇၁ မှတ် ရမှာပါ။ နယူးကာဆယ် ဒါမှမဟုတ် မန်ယူနိုက်တက် ဘက်က လက်ကျန် ၃ ပွဲမှာ ၂ ပွဲလောက် သူတို့ အနိုင်ရစရာ မလိုဘူးလို့ တွေးနေမယ့်သူ မရှိလောက်ပါဘူး။ သူတို့ ၂ ပွဲ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ပါတယ်။ မဟုတ်ဘူးဆိုရင် သူတို့ တကယ် ပြသနာတက်မှာပါ။”
ကာရေဂါက “ဘရိုက်တန်ဟာ တကယ့်ကို ပုံစံကောင်း ရနေပြီး နယူးကာဆယ်နဲ့ အဝေးကွင်း ပွဲစဉ်မှာ သူတို့ ရလဒ်တစ်ခု ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေမှာပါ။ ဒီညမှာ လီဗာပူးရဲ့ နိုင်ပွဲကို ကြည့်ပြီး နယူးကာဆယ် ပရိတ်သတ် ကစားသမားတွေနဲ့ ၀န်ထမ်းတွေဟာ top 4 အတွက် စိုးရိမ်နေကြမှာပါ။

ဘရိုက်တန်နဲ့ အိမ်ကွင်း ၊ ချဲလ်ဆီးနဲ့ အဝေးကွင်း ပွဲစဉ်တွေဟာ သူတို့အတွက် အန္တရာယ် ရှိပါတယ်။ ချဲလ်ဆီးဟာ ရလဒ်တွေ တောက်လျှောက် ဆိုးနေခဲ့ပေမယ့် သူတို့ဆီမှာ magic တွေ လုပ်ပြနိုင်တဲ့ ကစားသမားတွေ ရှိနေဆဲပါ။ ကျနော်ကတော့ မန်ယူနိုက်တက် ထက်စာရင် နယူးကာဆယ်က ခြေချော်ဖို့ ပိုများတယ်လို့ ထင်ပါတယ်။

နယူးကာဆယ်ဟာ တစ်ရာသီလုံး မယုံနိုင်စရာ လုပ်ပြခဲ့ပါတယ်။ သူတို့ဟာ ဒီနှစ်မှာ ကြည့်လို့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းပါ။ ဒါပေမယ့် ဘရိုက်တန်နဲ့ ပွဲဟာ သူတို့အတွက် တအားကို အရေးကြီးပါတယ်။ အကယ်လို့များ နယူးကာဆယ်သာ ဒီပွဲမှာ ရမှတ်တွေ ဆုံးရှုံးခဲ့မယ်ဆိုရင် သူတို့ အတော်လေး စိတ်ပူစရာ ဖြစ်သွားမှာပါ။”
နဗီးက ဆက်လက်ပြီး “နယူးကာဆယ်ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ အနည်းငယ် ယိမ်းယိုင်ခဲ့ပါတယ်။ အာဆင်နယ်ကို ရှုံးပြီး လိဒ်ကို သရေကျခဲ့ပါတယ်။ သူတို့ ခြေချော်သွားဖို့ အခြေအနေ ပိုများတယ်လို့ ကျနော် ပြောချင်ပါတယ်။ ဒါဟာ မန်ယူနိုက်တက်နဲ့ ပက်သက်ပြီး ယုံကြည်မှု လွန်ကဲနေတာ မဟုတ်ပါဘူး။

ဒါဟာ နယူးကာဆယ် အတွက် အနည်းငယ်ပြင်းထန်ပေမယ့် မန်ယူနိုက်တက်ရဲ့ လက်ကျန်ပွဲစဉ်တွေဟာ သက်တောင့်သက်သာ ပါပဲ။ မန်ယူနိုက်တက် အနေနဲ့ Top 4 မ၀င်နိုင်ခဲ့ဘူးဆိုရင် သူတို့ ခြေထောက်ကို သူတို့ သေနတ်နဲ့ ပစ်လိုက်ရမှာပါ။” လို့ ဆိုလိုက်ပါတယ်။






