အယ်လ်အာလီတောင်ပံကစားသမား မာရက်ဇ်က မန်စီးတီးအသင်းမှထွက်ခွာပြီး ဆော်ဒီကလပ် အယ်လ်အာလီအသင်းထံသို့ ပြောင်းရွှေ့ခဲ့ခြင်းအတွက် နောင်တမရကြောင်း ပြောကြားခဲ့သည်။
အယ်လ်ဂျီးရီးယားတောင်ပံကစားသမား မာရက်ဇ်(၃၂ နှစ်)သည် ပြီးခဲ့သည့်နွေကမှ မန်စီးတီးအသင်းမှ ဆော်ဒီကလပ် အယ်လ်အာလီအသင်းထံသို့ ပေါင်သန်း (၃၀) ဖြင့် ပြောင်းရွှေ့ခဲ့သူုဖြစ်သည်။
မာရက်ဇ်က “ကျွန်တော် မန်စီးတီးနဲ့ စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေသေးတာပါ။ မန်စီးတီးမှာ ဆက်နေနိုင်သေးပေမဲ့ ထွက်ခွာဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အယ်လ်အာလီကို ပြောင်းဖို့ နောက်တစ်ကြိမ် အခွင့်အရေးထပ်ရမယ်လို့ ကျွန်တော် မထင်ခဲ့တာကြောင့်ပါ။ မန်စီးတီးမှာ ကျွန်တော် (၅)နှစ်ကစားခဲ့ပြီး အားလုံးကို ရယူနိုင်ခဲ့ပါတယ်။ ဒါက လမ်းခွဲဖို့ အကောင်းဆုံးအချိန်လို့ ကျွန်တော် ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့ပြင် မာရက်ဇ်က ဆော်ဒီလိဂ်သို့ပြောင်းခဲ့သည့်အတွက် နောင်တမရကြောင်းလည်း ပြောကြားခဲ့သည်။ “ဘီဂရီစတိန်း(မန်စီးတီးနည်းစနစ်ဒါရိုက်တာ)နဲ့ ဂွါဒီယိုလာကတောင် ကျွန်တော့်ကို အသင်းမှာဆက်နေစေချင်ခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးမှာထွက်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ အဲဒီအတွက် ကျွန်တော် နောင်တမရပါဘူး။ ဒီ (အယ်လ်အာလီ)မှာ ကျွန်တော် ပျော်ပါတယ်။ ဆော်ဒီလိဂ်ရဲ့ အဆင့်အတန်းကလည်း မဆိုးပါဘူး။ ပိုပိုပြီး ကောင်းလာပါတယ်”ဟု မာရက်ဇ်က ပြောကြားခဲ့သည်။






