ကနေဒါ ဟာ ခရိုအေးရှား နဲ့ ရင်ဆိုင် ကစားခဲ့တာ ဖြစ်ပြီး ၄-၁ နဲ အရေးနိမ့်ခဲ့ ပါတယ် ။

ဒီပွဲမှာ ကနေဒါ ဘက်က အယ်လ်ဖွန်ဆို ဒေဗီးစ် က ပွဲအစ ၂ မိနစ် မှာတင် ဂိုးသွင်းယူခဲ့ပြီး ဒီဂိုးဟာ လက်ရှိ အချိန်အထိ ၂၀၂၂ ကမ္ဘာ့ဖလား ရဲ့ အမြန်ဆုံး သွင်းဂိုး အဖြစ် ရပ်တည်နေခဲ့ ပါတယ် ။
ကနေဒါ တို့ရဲ့ အုပ်စုထဲမှာတော့ အဖွင့်ပွဲကို အနိုင်ရထားတဲ့ ကမ္ဘာ့အဆင့် ၂ ဘယ်လ်ဂျီယံ ဟာ မော်ရိုကို အသင်းကို ၂-၀ နဲ့ အံ့အားသင့်ဖွယ် အရေးနိမ့်သွားခဲ့ ပါတယ် ။ ဒါကြောင့် ၂ ပွဲစီ ကစားအပြီးမှာ မော်ရိုကို က ၄ မှတ် ၊ ခရိုအေးရှား က ၄ မှတ် နဲ့ ရပ်တည် နေကြပြီး ဘယ်လ်ဂျီယံ က ၃ မှတ် နဲ့ တတိယ နေရာမှာ ရောက်ရှိ နေပါတယ် ။

ဂျပန် အသင်းကလည်း ကော်စတာရီကာ ကို ၁-၀ နဲ့ ရှုံးနိမ့်ပြီး ပရိသတ်တွေကို ထပ်မံ အံ့အားသင့်စေခဲ့ပြန် ပါတယ် ။ ကော်စတာရီကာ ဟာ တပွဲလုံးမှာ ဂိုးပေါက် ၁ ကြိမ်သာ တည့်ခဲ့ပြီး အဆိုပါ အကြိမ်ကနေ အဖိုးတန် ၃ မှတ်ကို ရယူသွားခဲ့တာပဲ ဖြစ်ပါတယ် ။

ဂျာမနီ နဲ့ စပိန် တို့ရဲ့ ပွဲကတော့ ၁ ဂိုးစီ သရေရလဒ် နဲ့ ပြီးဆုံးခဲ့ ပါတယ် ။ လက်ရှိမှာ စပိန် က ၄ မှတ် ၊ ဂျပန် က ၃ မှတ် ၊ ကော်စတာရီကာ က ၃ မှတ် ၊ ဂျာမနီ က ၁ မှတ် နဲ့ အသီးသီး ရပ်တည်နေကြပါတယ် ။






