Saturday, February 7, 2026
spot_img
spot_img

ဘာပေကို လေးစားသော်လည်း ဂိုးသွင်းရန် ကော်ဇောနီခင်းပေးမည် မဟုတ်ဟု အင်္ဂလန်နောက်ခံလူ ဝေါ်လ်ကာ ပြောကြား

အင်္ဂလန်ညာနောက်ခံလူ ဝေါ်လ်ကာက ပြင်သစ်တိုက်စစ်မှူး ဘာပေကို လေးစားမှုရှိသော်လည်း မိမိတို့အသင်းနှင့်ကစားမည့်ပွဲတွင် ၎င်းဂိုးသွင်းနိုင်ရန် ကော်ဇောနီခင်းပေးသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဒီဇင်ဘာ (၁၀)ရက် (စနေနေ့)တွင် ပြင်သစ်အသင်းနှင့် ကစားရမည်ဖြစ်သည်။

ထို့ကြောင့် ပြင်သစ်ဘယ်တောင်ပံတိုက်စစ်တွင် ကစားသည့် ဘာပေနှင့် အင်္ဂလန်ညာနောက်ခံလူ ဝေါ်လ်ကာတို့ ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်ပြီး ၎င်းတို့နှစ်ဦး၏တိုက်ပွဲတွင် မည်သူအသာရမည်ကို မီဒီယာများက အကျယ်တဝင့်သုံးသပ်ဖော်ပြမှုများ ရှိနေသည်။

ဝေါ်လ်ကာနှင့် ဘာပေတို့သည် ကလပ်အသင်းအဆင့်တွင် ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးပြီး ထိုစဉ်က ဝေါ်လ်ကာမှာ ခက်ခဲသည့်ပြိုင်ဘက်တစ်ဦးဖြစ်ကြောင်း ဘာပေ မှတ်ချက်ပြုခဲ့ဖူးသည်။

သို့သော် ယခုကမ္ဘာ့ဖလားတွင် ဘာပေသည် (၅)ဂိုးသွင်းပြီး ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်လျက်ရှိရာ ဝေါ်လ်ကာအနေဖြင့် ၎င်းကို တားဆီးရန်ခက်ခဲမည်ဟုသုံးသပ်မှုများလည်း ရှိနေသည်။

ပြင်သစ်နှင့်ကစားမည့်ပွဲအတွက် ပွဲကြိုမီဒီယာ တွေ့ဆုံမှုတွင် ဝေါ်လ်ကာက “ဒီပွဲက အင်္ဂလန် vs ဘာပေ မဟုတ်ပါဘူး။ အင်္ဂလန် vs ပြင်သစ်ပွဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘာပေကို ထိုက်သင့်တဲ့ လေးစားမှုပေးမှာပါ။ ဒါပေမဲ့ ဘာပေ ဂိုးသွင်းဖို့ အတွက် ကျွန်တော့်အနေနဲ့ ကော်ဇောနီ ခင်းပေးသွားမှာ မဟုတ်ပါဘူး။ တကယ်လို့ ဒီပွဲရှုံးနိမ့်ခဲ့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အိမ်ပြန်ရမှာဖြစ်လို့ ကျွန်တော်တို့အတွက် သေရေးရှင်ရေးလောက်ကို အရေးကြီးတဲ့ပွဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပြင်သစ်နှင့်ကစားမည့်ပွဲတွင် ဘာပေကို တားဆီးနိုင်မလားဟု မေးမြန်းမှုကို ဝေါ်လ်ကာက “ကျွန်တော် ဘာလုပ်ရမယ်ဆိုတာကို နားလည်ပါတယ်။ ဘာပေကို ကျွန်တော် တားဆီးရမှာပါ။ အလုပ်ထက် အပြောက လွယ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ် ကျွန်တော် လျှော့မတွက်ပါဘူး။ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေနဲ့ ကျွန်တော် ရင်ဆိုင်ခဲ့ဖူးပါတယ်။ ဒီတော့ ပုံမှန်အတိုင်းကစားရုံပါပဲ” ဟု ပြောကြားခဲ့သည်။

ပြင်သစ်နှင့်ကစားမည့်ပွဲတွင် ညာနောက်ခံနေရာ၌ ဝေါ်လ်ကာကိုအသုံးပြုရန် ဘောလုံးဝေဖန်သူများက ဆောက်ဂိတ်ကို တိုက်တွန်းထားကြသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments