ဘာစီလိုနာအသင်း၏ ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ဘာစီလိုနာအသင်းထံ မပြောင်းရွှေ့မီက လာလီဂါမဟာပြိုင်ဘက်အသင်းတစ်သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ရန် ဆန္ဒရှိခဲ့ပြီး ရီးယဲလ်ဥက္ကဋ္ဌပီရက်ဇ်မှ အပြောင်းအရွှေ့ကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း မက်ဒရစ်အခြေစိုက် စပိန်အားကစားသတင်းစာ Relevo ကဖော်ပြခဲ့သည်။

အသက် (၃၄)နှစ်အရွယ်ရှိ လီဝန်ဒေါစကီးသည် ပြီးခဲ့သည့် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့က ဂျာမန်ကလပ်ဘိုင်ယန်မြူးနစ်အသင်းမှ ဘာစီလိုနာအသင်းသို့ ယူရိုသန်း (၅၀)ဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိ ၂၀၂၂-၂၃ ရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၂၂)ပွဲကစားရာတွင် (၂၀)ဂိုးအထိသွင်းယူကာ ခြေစွမ်းပြနေသူဖြစ်သည်။
Relevo ၏ ဖော်ပြမှုအရ လီဝန်ဒေါစကီးသည် ၂၀၂၁ ခုနှစ် နွေရာသီကတည်းက ဘိုင်ယန်မြူးနစ်အသင်းမှထွက်ခွာရန် ဆန္ဒရှိခဲ့ပြီး ၎င်း၏အေးဂျင့်ဖြစ်သူကို ကလပ်အသင်းသစ်ရှာဖွေခိုင်းရာ၌ ရီးယဲလ်မက်ဒရစ်မှာ ဦးစားပေးပစ်မှတ်ဖြစ်ခဲ့ကြောင်းသိရသည်။

သို့သော် ရီးယဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်မှာ ထိုစဉ်က အသက် (၃၂)နှစ်အရွယ်ရှိနေပြီဖြစ်သည့် လီဝန်ဒေါစကီး၏အသက်အရွယ်နှင့် အသင်း၏ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာ၏ ပုံစံကောင်းပြနေသည့် အခြေအနေများကြောင့် အပြောင်း အရွှေ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။
ထို့နောက် လီဝန်ဒေါစကီးသည် ၂၀၂၁-၂၂ ရာသီကို ဘိုင်ယန်မြူးနစ်အသင်းတွင်သာ ဆက်လက်ကစားခဲ့ပြီး ၂၀၂၂ နွေရာသီတွင် အသင်းပြောင်းရွှေ့ရန်ထပ်မံကြိုးပမ်းခဲ့ကာ ရီးယဲလ်အသင်း၏ပြိုင်ဘက် ဘာစီလိုနာအသင်းထံပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။






