ဘာစီလိုနာအသင်း၏ ဥက္ကဋ္ဌ ဖြစ်သူ ယိုအန်လာပေါ်တာက ဘာစီလိုနာအသင်းသည် အမြဲတမ်း မက်ဆီ၏နေအိမ်အဖြစ် ရှိနေကြောင်းပြောကြားခဲ့ပြီး မက်ဆီကို ဘာစီလိုနာအသင်းထံသို့ ပြန်လည်ခေါ်ယူလိုသည့် သဘောထားကို ပြသခဲ့ကြောင်း သိရှိရသည်။
မက်ဆီသည် လက်ရှိကလပ်အသင်းဖြစ်သည့် PSG အသင်းနှင့် လာမည့်ဇွန်လတွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ပြီး သတင်းများကမူ ဆက်လက်သက်တမ်းတိုးတော့မည်မဟုတ်ဘဲ ဆော်ဒီလိဂ်ပြိုင်ပွဲသို့ ပြောင်းရွှေ့ကစားဖွယ်ရှိသည်ဟု ဖော်ပြနေကြသည်။ သို့ရာတွင် TV3 နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်တွင် လာပေါ်တာက မက်ဆီကို ခေါ်ယူလိုသည့် သဘောထားကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး မက်ဆီသည် ဘာစီလိုနာအသင်းထံသို့ ပြန်လည်ရောက်ရှိနိုင်ခြေရှိသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

“သမိုင်းတစ်ပတ်လည်နိုင်ပါတယ်။ ကျွန်တော့်ဆီမှာ ယုံကြည်မှုအပြည့်ရှိပါတယ်။ ပြီးတော့ တစ်ကမ္ဘာလုံးမှာ ခိုင်မာတဲ့ ဘာစီလိုနာအသင်းပရိသတ် သန်း (၄၀၀)လည်း ရှိနေပါတယ်။ မက်ဆီက အခုအချိန်မှာ PSG အသင်းရဲ့ ကစားသမားဖြစ်ပြီး ကျွန်တော်တို့က ရာသီကုန်အထိ အခြေအနေကို စောင့်ကြည့်သွားမှာပါ။ ရာသီကုန်သွားပြီဆိုရင် ကျွန်တော်တို့ ဘာလုပ်နိုင်မလဲဆိုတာကို အခုထက်ပိုပြီးပြောနိုင်ပါလိမ့်မယ်။ ကျွန်တော် ဆော်ဒီနိုင်ငံအပေါ် လေးစားမှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ ဘာစီလိုနာက ဘာစီလိုနာပါပဲ။ ဒီနေရာက မက်ဆီရဲ့နေအိမ် ဖြစ်ပါတယ်”ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

မက်ဆီသည် ဘာစီလိုနာအသင်းထံသို့ ကလေးဘဝကတည်းက ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာလူငယ်အသင်းအဆင့်ဆင့်မှ ဘာစီလိုနာအသင်းကြီးတွင် ကစားခဲ့သည့်အချိန်အထိ စုစုပေါင်း (၂၁)နှစ်အထိ ကြာမြင့်ခဲ့သည်။ သို့ရာတွင် လွန်ခဲ့သည့် (၂) ရာသီကမူ ဘာစီလိုနာအသင်းကို စွန့်ခွာကာ ပြင်သစ်ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်သည့် PSG အသင်းထံသို့ ပြောင်းရွှေ့ကစားခဲ့သည်။

မက်ဆီသည် PSG အသင်းတွင် ပရိသတ်များ၏ နွေးထွေးသည့် ဆက်ဆံမှုကို မရရှိခဲ့သလို၊ မပျော်မရွှင် ဖြစ်နေသည့် သတင်းများလည်း အဆက်မပြတ် ထွက်ပေါ်ခဲ့ သည်။ မကြာသေးမီကလည်း အသင်း၏ ခွင့်ပြုချက်မရဘဲ ဆော်ဒီနိုင်ငံသို့ သွားရောက်ခဲ့ခြင်းအတွက် ကလပ်အသင်း၏ ပြစ်ဒဏ်ပေးခြင်းကိုခံခဲ့ရပြီး သူ၏အပြုအမူအတွက် ပြန်လည်တောင်းပန်ခဲ့ရကြောင်းလည်း သိရသည်။






