ဘရာဇီးလ်ဂန္ထဝင်ဘောလုံးသမား ပီလီ သေဆုံးမှုအတွက် သမ္မတဖြစ်သူ ဘော်လ်ဆိုနာရိုက နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် (၃)ရက် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

အသက်(၈၂)နှစ်ရှိပြီဖြစ်သူ ပီလီသည် နိုဝင်ဘာကတည်းက ဆော်ပေါ်လိုမြို့ရှိ ဆေးရုံသို့တက်ရောက်၍ ကုသမှုများခံခဲ့ရပြီး ကြာသပတေးနေ့ ညပိုင်းတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဘရာဇီးလ်သမ္မတ ဘော်လ်ဆိုနာရိုက ၎င်းကွယ်လွန်ခြင်းအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် (၃)ရက်သတ်မှတ်ခဲ့ပြီး စျာပနအခမ်းအနားကို ဇန်နဝါရီ(၃)ရက် (ယနေ့) ပြုလုပ်မည်ဖြစ်သည်။
ပီလီ၏ ရုပ်အလောင်းကို တနင်္လာနေ့နံနက် အစောပိုင်းတွင် အဲလ်ဘတ်အိုင်းစတိုင်းဆေးရုံမှ ဆန်းတို့စ်အသင်း၏ Vila Belmiro Stadium ကွင်းသို့ သယ်ဆောင်၍ ကွင်းလယ်စက်ဝိုင်းတွင် ထားရှိမည်ဖြစ်သည်။

ပရိသတ်များအား တနင်္လာ၊ အင်္ဂါနေ့တွင် လာရောက်ကြည့်ရှု ဂါရဝပြုခွင့်ပေးမည်ဖြစ်ပြီး သင်္ဂြိုဟ်ခြင်းကို ဆန်းတို့စ်မြို့ရှိ Memorial Necropole Ecumenica သချုႋင်း၌ မိသားစုဝင်များနှင့်သာ ပြုလုပ်မည်ဖြစ်သည်။
ဘောလုံးလောက၏ ထာဝရအကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ပီလီသည် ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀ ခုနှစ်တွင် ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလား(၃)ကြိမ်ရရှိသည့် တစ်ဦးတည်းသော ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။
၎င်းသည် ဘရာဇီးလ်အသင်းအတွက်လည်း (၉၂)ပွဲကစား၊ (၇၇)ဂိုးသွင်းယူခဲ့ပြီး နေမာနှင့်အတူ ပူးတွဲဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေဆဲဖြစ်သလို ကစားသမားဘဝတစ်လျှောက် ပြိုင်ပွဲစုံ ပွဲ(၈၄၀)ကစား၊ (၇၇၅)ဂိုး သွင်းယူနိုင်ခဲ့သည်။






