Wednesday, January 14, 2026
spot_img
spot_img

ဘယ်လ်ဂျီယမ် နည်းပြသစ် ရာထူး နေရာ အတွက် အာဆင်နယ် ဂန္တဝင်နဲ့ အစားထိုးဖို့ ထောက်ခံလိုက်တဲ့ လူကာကူ

ရုရှား ကမ္ဘာ့ဖလားမှာတုန်းက တတိယဆု ရရှိခဲ့တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် အသင်းဟာ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားမှာ အုပ်စု အဆင့်ကနေ ကျော်လွန်နိုင်ခဲ့ခြင်း မရှိခဲ့ပဲ နည်းပြဖြစ်သူ ရော်ဘတ်တို မာတီနက်ဇ်ဟာ အုပ်စုကနေ လှည့်ပြန်ပြီးပြီးချင်း ရာထူးကနေ တရားဝင် နုတ်ထွက်သွားခဲ့ပါတယ် ။

ဘယ်လ်ဂျီယမ် အသင်းဟာ ရွှေရောင်မျိုးဆက်ရဲ့ အကောင်းဆုံးခေတ်မှာတောင် မေဂျာ ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲသို့ပင် တက်လှမ်းနိုင်ခဲ့ခြင်း မရှိပဲ ၊ အခု ထိုမျိုးဆက်ရဲ့ နေဝင်ချိန် ကာလမှာ အောင်မြင်မှုနဲ့ ပိုပြီး ဝေးသထက် ဝေးလာတာကို လောလောလတ်လတ် ကမ္ဘာ့ဖလားမှာ တွေ့မြင်ထားရပါတယ် ။

အသင်းကို ၆နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ မာတီနက်ဇ် ထွက်ခွာသွားပြီ ဖြစ်လို့ ဘယ်လ်ဂျီယမ်ဟာ ၄င်းရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာပုံတော် ဖွင့်နေရဆဲ ဖြစ်ပါတယ် ။ ဘယ်လ်ဂျီယမ် နည်းပြသစ် ရာထူး အတွက် ရေပန်းအစားဆုံးတွေထဲမှာ မာတီနက်ဇ်ရဲ့ လက်ထောက် နည်းပြ တဦး ဖြစ်တဲ့ အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

ပြင်သစ် လက်ရွေးစင် အသင်းနဲ့ အတူ ၁၉၉၈ ကမ္ဘာ့ဖလား ချန်ပီယံ ၊ ယူရို ၂၀၀၀ ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အွန်နရီ ဟာ ကစားသမား ဘဝမှာတော့ ဆုဖလား အောင်မြင်မှု အားလုံး ဆွတ်ခူးခဲ့ပေမယ့် ၊ နည်းပြ ဘဝမှာတော့ ဝါအရမ်းနုသေးတာကို မိုနာကိုနဲ့ ကျရှုံးခဲ့တဲ့ ရလဒ်တွေက သာဓက ဖြစ်ပါတယ် ။

လာမယ့် မတ်လမှာ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေ ကစားဖို့ ရှိနေတာကြောင့် ထိုမတိုင်ခင် ဘယ်လ်ဂျီယမ်တို့ နည်းပြသစ် အလျင်အမြန် ခန့်အပ်နိုင်ဖို့ လိုအပ်ပြီး ၊ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူကတော့ နည်းပြသစ် ရာထူး အတွက် သီယာရီ အွန်နရီနဲ့ အစားထိုးဖို့ ထောက်ခံသွားခဲ့ပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ လူကာကူ က ” ကျွန်တော့ အတွက်တော့ အွန်နရီ က လာမယ့် ဘယ်လ်ဂျီယမ် လက်ရွေးစင် နည်းပြသစ် ဖြစ်ပါတယ် ။ ဒီအတွက် သံသယ လုံးဝ မရှိမိပါဘူး ။ ဒါကို ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ် ။ သူဟာ ဘယ်လ်ဂျီယမ် အသင်းသား အားလုံးဆီက လေးစားမှုမျိုး ရထားပါတယ် ။ ”

” သူဟာ ဆုဖလား အားလုံး ဆွတ်ခူးထားပါတယ် ။ အသင်း တသင်းကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ သူ ကောင်းကောင်း သိပါတယ် ။ ကျွန်တော်တို့ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ ဘာတွေ လုပ်ရမလဲ ဆိုတာလည်း သူ သိပါတယ် ။ ဒီအသင်း ၊ နည်းပြ အဖွဲ့ အကြောင်းလည်း သူ သိပါတယ် ။ ”

” ကျွန်တော့ အတွက်တော့ သူသာလျှင် အသင်းနဲ့ အသင့်လျော်ဆုံး နည်းပြသစ် ဖြစ်ပါတယ် ။ သူ့ကိုသာ ကျွန်တော်တို့ နည်းပြသစ် ရာထူး မပေးဘူးဆိုရင် သူတို့ ဘယ်သူ့ကို သွားခေါ်မလဲ ဆိုတာ ကျွန်တော် မသိပါဘူး ။ ဒါပေမယ့် ကျွန်တော်ကတော့ ဘယ်လ်ဂျီယမ် အနေနဲ့ နည်းပြသစ် နေရာ အတွက် မြေလှန်ရှာနေစရာ မလိုဘူးလို့ ထင်ပါတယ် ။ ”

” အခုအချိန် အထိတော့ ဒီမျိုးဆက်ဟာ ဘာအောင်မြင်မှု တခုမှ မရထားတာ မှန်ပေမယ့် ၊ ကျွန်တော်တို့ဟာ အောင်မြင်မှု ရရှိဖို့ ဆက်ကြိုးစားနေရပါမယ် ။ အွန်နရီဟာ အောင်မြင်မှုကို လိုလားပြီး ၊ ဘယ်လ်ဂျီယမ် ဘောလုံး အဖွဲ့ချုပ် အနေနဲ့ နည်းပြသစ် ရာထူး အတွက် အစကနေ ပြန်ပြုပြင်ပေးမယ့် နည်းပြမျိုး ရှာနေဖို့ မလိုသေးဘူးလို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments