Wednesday, January 14, 2026
spot_img
spot_img

ပွဲအပြီးအချင်းများခဲ့သည့် ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်နှင့် စပါးအသင်းနည်းပြ ကွန်တီတို့ကို FA စွဲချက်တင်ခဲ့ပြီး သြဂုတ် ၁၈ ရက် နောက်ဆုံးထား ဖြေရှင်းချက်ပေးရမည်

သြဂုတ်လ ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သော ချယ်လ်ဆီး (၂-၂) စပါးပွဲတွင် ပွဲအပြီး အချင်းများခဲ့သည့် ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်နှင့် စပါးအသင်းနည်းပြ ကွန်တီ တို့၏ဖြစ်ရပ်နှင့်ပတ်သက်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) က စွဲချက်တင်ခဲ့ကြောင်း သိရသည်။

ယင်းပွဲအပြီးတွင် နှစ်ဖက်အသင်းနည်းပြများ လက်ဆွဲ နှုတ်ဆက်ရာမှ ပြဿနာတက်ခဲ့ရာ နည်းပြနှစ်ဦးစလုံး အနီကတ်အပြခံခဲ့ရကြောင်း သိရှိရသည်။ နည်းပြနှစ်ဦးသည် ပွဲချိန်အတွင်းတွင်လည်း ထိပ်တိုက်တွေ့ကာ တွန်းထိုးမှုများဖြစ်ခဲ့ကြပြီး အပြန်အလှန်အော်ဟစ်ပေါက်ကွဲခဲ့ကြသည်။ ပွဲအပြီး လက်ဆွဲ နှုတ်ဆက်ချိန်တွင် ဆွဲထားသည့်လက်ကို တူဟယ်လ်က မလွှတ်ဘဲ ဆက်လက်ဆုပ်ကိုင်ထားရာမှ ကွန်တီက တူဟယ်လ်ဘက်သို့ ပြန်လှည့်ကာ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပြီး နှစ်ဦးစလုံးသည် ပြင်းထန်စွာ ပေါက်ကွဲခဲ့ကြခြင်းလည်းဖြစ်သည်။

ယင်းအတွက်ကြောင့် နှစ်ဖက်အသင်းတာဝန်ရှိသူများနှင့် နှစ်ဖက်အသင်းကစားသမားများက ဝိုင်းဝန်းဖျန်ဖြေပေးခဲ့ကြရပြီး ကွင်းလယ်ဒိုင် ရောက်ရှိလာကာ နည်းပြနှစ်ဦးစလုံးကို အနီကတ်ပြသခဲ့သည်။ကွန်တီနှင့် တူဟယ်လ်တို့သည် ပြီးခဲ့သည့်ရာသီက ထိပ်တိုက်တွေ့ဆုံမှုများတွင် ပြဿနာကြီးကြီးမားမား မရှိခဲ့သော်လည်း ယခုပွဲစဉ်တွင်မူ ကွင်းအတွင်း အငြင်းပွားဖွယ်ဆုံးဖြတ်ချက်အချို့အပေါ် မူတည်ကာ ငြင်းခုံရာမှ တင်းမာခဲ့ကြခြင်းဖြစ်သည်။ နည်းပြနှစ်ဦးစလုံး၏ အပြုအမူသည် မသင့်လျော်ဟု FA ကဆုံးဖြတ်ပြီး စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် ယင်းစွဲချက်နှင့်ပတ်သက်ပြီး သြဂုတ် ၁၈ ရက် နောက်ဆုံးထားကာ ဖြေရှင်းချက်ပေးရမည်ဖြစ်သည်။ ထို့ပြင် FA သည် ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ဒိုင်လူကြီး အန်သိုနီတေလာကို ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် တူဟယ်လ်၏မှတ်ချက်စကားများအပေါ်တွင်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ ဂျာမန်လူမျိုးနည်းပြက ချယ်လ်ဆီးအသင်း၏ အနာဂတ်ပွဲစဉ်များတွင် ဒိုင်လူကြီး တေလာကို တာဝန်မပေးသင့်ကြောင်း အကြံပြုခဲ့ခြင်းဖြစ်သည်။

တေလာသည် စပါးအသင်း ပထမ ချေပဂိုးသွင်းယူမှုဖြစ်စဉ်တွင် ချယ်လ်ဆီးကစားသမား ဟာဗက်ဇ်ကို စပါးကွင်းလယ်လူ ဘန်တန်ကာက ပြစ်ဒဏ်ကျူးလွန်ခဲ့သော်လည်း ပယ်နယ်တီမပေးခဲ့ဘဲ ဆက်ကစားစေရာမှ ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်ကြောင့် ချယ်လ်ဆီးအသင်း ဒေါသအပြင်းအထန်ထွက်ခဲ့ကာ တူဟယ်လ်နှင့် ကွန်တီတို့အကြား မျက်နှာချင်းဆိုင်သည်အထိ ဖြစ်ခဲ့ ပြီး နှစ်ဦးစလုံး အဝါကတ်ပြသခံခဲ့ရသည်။ တူဟယ်လ်နှင့် ကွန်တီသည် ပွဲအပြီးပြသခံရသည့် အနီကတ်ကြောင့် ပွဲပယ်ပြစ်ဒဏ် ချက်ချင်းကျခံရမည်မဟုတ်ဘဲ ပရီးမီးယားလိဂ်ပွဲစဉ်-၃ ဖြစ်သည့် လိဒ်စ်-ချယ်လ်ဆီး၊ စပါး- ဝုလ်ဗ်ပွဲစဉ်များကို ကွင်းဘေးမှသာ ကြီးကြပ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments