လက်ရှိဘောလုံးရာသီတွင် လီဂူးဝမ်းဖလားကို ပီအက်စ်ဂျီအသင်းနှင့်အတူ ရယူလိုက်နိုင်ပြီးနောက် ဘာပေသည် ပြင်သစ်လီဂူးဝမ်း၏ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို လေးနှစ်ဆက်တိုက် ရရှိသွားသည်။
ထိုသို့ရရှိပြီးနောက် ဘာပေသည် ပြင်သစ်လိဂ်တွင် အကောင်းဆုံးဘောလုံးသမားဆုကို လေးနှစ်ဆက်တိုက်ရရှိသော ပထမဦးဆုံးကစားသမား ဖြစ်လာခဲ့သည်။ ထိုဆုကို အရယူအပြီးတွင် အသက် ၂၄ နှစ်အရွယ်ရှိဘာပေက “အသင်းဖော်တွေ ပီအက်စ်ဂျီက နောက်ကွယ်မှာ အလုပ်လုပ်ပေးနေတဲ့ ဝန်ထမ်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အသင်းမှာ အမှတ်တရတွေ အမြဲတန်းချန်ထားချင်ပါတယ်။ အခုလို ငယ်ရွယ်စဉ်ကတည်းက အောင််မြင်မှုတွေ အများကြီး ရမယ်လို မထင်ထားခဲ့ပါဘူး။ ဒါပေမယ့် ဆုတွေရပြီး ကျွန်တော့်နိုင်ငံမှာ သမိုင်းသစ်တွေ ရေးထိုးနိုင်တော့ ပျော်ပါတယ်။ ကျွန်တော်ပျော်ရွှင်နေပြီး နောက်နှစ်ဘောလုံးရာသီမှာလည်း အသင်းနဲ့အတူ ဆက်ရှိနေမှာ ဖြစ်ပါတယ်”ဟု ဘာပေက ပြောဆိုလိုက်သည်။







