Saturday, February 7, 2026
spot_img
spot_img

ပရီးမီးယားလိဂ်၏ နွေရာသီအပြောင်းအရွှေ့အသုံးစရိတ် ပေါင်(၁.၉၅)ဘီလီယံဖြင့် စံချိန်သစ်ဖြစ်ခဲ့ပြီး ပေါင်(၂)ဘီလီယံအထက်ကို ပထမဆုံးအကြိမ်ရောက်ရှိရန် သေချာနေ

၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလမပြီးဆုံးမီမှာပင် ပရီးမီးယားလိဂ်ကလပ်များ၏ အသုံးစရိတ်မှာ ပေါင်(၁.၉၅) ဘီလီယံရှိလာပြီး ပြီးခဲ့သည့် ၂၀၂၂ နွေရာသီတွင် တင်ရှိခဲ့သောစံချိန်ကို ချိုးဖျက်၍ စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလမှာ စက်တင်ဘာ (၁) ရက် ဗြိတိန်စံတော်ချိန် ည ၁၁ နာရီ (မြန်မာ စံတော်ချိန် စက်တင်ဘာ ၂ ရက် နံနက် ၄း၃၀ နာရီ) တွင် ပြီးဆုံးမည်ဖြစ်ပြီး တစ်ပတ်အလို သြဂုတ် (၂၅)ရက်မှာပင် ကလပ်အသင်း (၂၀) ၏ အသုံးစရိတ်စုစုပေါင်းမှာ ပေါင် (၁.၉၅) ဘီလီယံ ရှိလာပြီဖြစ်သည်။ ယင်းပမာဏမှာ ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလတွင် အသုံးစရိတ်စံချိန်တင်ခဲ့သည့် ပေါင် (၁.၉၂) ဘီလီယံကိုချိုးဖျက်၍ စံချိန်သစ်တင်ခဲ့ပြီဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ကမ္ဘာကျော်စာရင်းအင်းကုမ္ပဏီဖြစ်သည့် Deloitte က ဖော်ပြခဲ့သည်။ ပရီးမီးယားလိဂ်ကလပ်များအနေဖြင့် နှစ်ရာသီဆက်တိုက် အသုံးစရိတ်စံချိန်တင်ခဲ့ခြင်းဖြစ်ပြီး ပေါင်(၂)ဘီလီယံအထက်ကို ပထမဆုံးအကြိမ်ရောက်ရှိရန် သေချာနေပြီဖြစ်ကြောင်း Deloitte ၏ အားကစားစီးပွားရေး အုပ်စုလက်ထောက်ဒါရိုက်တာဖြစ်သူ ကာလမ်ရော့စ်က သုံးသပ်ပြောကြားခဲ့သည်။ “ပရီးမီးယားလိဂ်ကလပ်တွေ (၂)နှစ်ဆက်တိုက် စံချိန်ချိုးခဲ့တာပါ။ စက်တင်ဘာ(၁)ရက် ဈေးကွက်မပိတ်ခင် ပေါင်(၂)ဘီလီယံအထက်ကို ပထမဆုံးအကြိမ်ရောက်ရှိတာ မြင်တွေ့ရတော့မှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် နွေရာသီတွင် ပေါင်သန်း (၁၀၀) တန်ဖိုးရှိသည့် အပြောင်းအရွှေ့ဖြစ်ပေါ်ခဲ့ခြင်းမရှိသော်လည်း ယခုနှစ်နွေရာသီတွင်မူ ချယ်လ်ဆီးအသင်းက ဘရိုက်တန်အသင်းမှ အီကွေဒေါကွင်းလယ်လူ ကိုင်စီဒိုကို ပေါင် (၁၁၅)သန်း (Add-ons ကြေး ပေါင် (၁၅) သန်း အပါအဝင်)၊ အာဆင်နယ်အသင်းက ဝက်စ်ဟမ်းအသင်းမှ အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ပေါင် (၁၀၅) သန်း (Add-ons ကြေး ပေါင်(၅)သန်းအပါအဝင်) ဖြင့် ခေါ်ယူခဲ့သလို မန်စီးတီး၊ မန်ယူနှင့် လီဗာပူးလ်အသင်းတို့ကလည်း ပေါင်သန်း (၆၀) အထက်ပမာဏဖြင့် ကစားသမားခေါ်ယူမှုများ ပြုလုပ်ခဲ့သောကြောင့် အသုံးစရိတ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်အသင်းပိုင်ရှင်တော့ဒ်ဘိုလီ၏ ချယ်လ်ဆီးအသင်းက ပြီးခဲ့သည့်နှစ်အပြင် ယခုနွေရာသီတွင်လည်း သုံးစွဲမှုအများဆုံးအဖြစ် ဆက်လက်ဦးဆောင်နေပြီး ကစားသမားသစ် (၉)ဦးအတွက် ပေါင် (၃၆၈.၃) သန်းအထိ အသုံးပြုထားသည်။

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းခါနီးတွင် အပြိုင်အဆိုင်ငွေကြေးသုံးစွဲမှုများ ပိုမိုပြုလုပ်လေ့ရှိပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က  နောက်ဆုံးရက်သတ္တပတ်အတွင်း ပေါင်သန်း(၅၀၀)သုံးစွဲခဲ့သလို၊ ဈေးကွက်ပိတ်သည့်နောက်ဆုံးနေ့ Deadline Day တွင် ပေါင်သန်း(၁၂၀)သုံးစွဲခဲ့ကြောင်း သိရသည်။  သြဂုတ်(၂၅)အထိ တွက်ချက်မှုအရ ပြီးခဲ့သည့်နှစ်က ပရီးမီးယားလိဂ်မှ ခေါ်ယူခဲ့သည့် ကစားသမားသစ်များ၏ ပျမ်းမျှပြောင်းရွှေ့ကြေးတန်ဖိုးမှာ ပေါင်သန်း(၂၀)ဖြစ်ပြီး  ယခုနှစ်တွင် ပေါင်(၂၅)သန်းသို့ မြင့်တက်လာကြောင်းသိရသည်။ ထို့ပြင် Deloitte က ယခုနှစ်နွေရာသီတွင် ပရီးမီးယားလိဂ်အနေဖြင့် ဆော်ဒီလိဂ်၏ အကျိုးသက် ရောက်မှှုကို ခံစားခဲ့ရသည်ဟုလည်း ဆိုခဲ့သည်။ ဆော်ဒီလိဂ်သို့ ကစားသမားများစွာ ရောင်းချခဲ့ရသည့်အတွက် ပရီးမီးယားလိဂ်၏ ယခုနှစ် အသားတင်အသုံးစရိတ်မှာ ပြီးခဲ့သည့်နှစ်ထက် (၂၅%)ကျဆင်းသွားခဲ့သည်။ ပြီးခဲ့သည့်နှစ်က အသားတင်အသုံးစရိတ် ပေါင် (၁.၁) ဘီလီယံ ရှိခဲ့ပြီး ယခုနှစ် (၈၂၅)သန်းသို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments