ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အတတ်နိုင်ဆုံး တိုက်ပွဲဝင်သွားရန်နှင့် နောက်ဆုံးအချိန်အထိ စိတ်မလျှော့ရန် မန်စီးတီး ကစားသမားများကို ဂွာဒီယိုလာက တိုက်တွန်းပြောဆိုသွားသည်။ ယနေ့ည ကစားမည့်ပွဲတွင် မန်စီးတီးက အာဆင်နယ်ကို အနိုင်ရပါက မန်စီးတီးသည် အာဆင်နယ်ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်တန်းစီဇယားထိပ်ဆုံးတွင် ရပ်တည်ခွင့်ရရှိသွားမည်ဖြစ်သည်။

အာဆင်နယ်သည် ဘောလုံးရာသီတစ်ခုလုံးလိုလိုတွင် ဇယားထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့သော်လည်း နောက်ဆုံးကစားသည့်အမှတ်ပေးပွဲစဉ်နှစ်ပွဲတွင် အဲဗာတန်ကို ရှုံးနိမ့်ပြီး ဘရန့်ဖို့ကို သရေသာ ကစားနိုင်ခဲ့သဖြင့် အမှတ်ဆုံးရှုံးပြီး ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်သည်။ မန်စီးတီးသည် ရုန်းကန်ခဲ့ရသည့်အချိန်များရှိခဲ့သော်လည်း နောက်ဆုံးကစားသည့် အမှတ်ပေးပွဲစဉ်တွင် ဗီလာကို အနိုင်ရရှိထားသည်။

“အဓိက တွန်းအားပေးနေတဲ့အချက်က မန်စီးတီးအနေနဲ့ ပုံမှန်ခြေစွမ်းမရလို့ အမှတ်ပေးချန်ပီယံဆုကို လက်လွှတ်ရတယ်ဆိုတဲ့ အဖြစ်အပျက်ကို ရှောင်လွှဲချင်တာပဲ ဖြစ်ပါတယ်။ သူတို့က ကျွန်တော်တို့ထက် ပိုကောင်းလို့ အနိုင်ရသွားရင် ရှိပါစေ။ ဒါက အားကစားလေ။ ကျွန်တော်က အရင်ဆုံးဂုဏ်ပြုတဲ့သူတောင် ဖြစ်သွားဦးမယ်။ ဒါပေမယ့် ပုံမှန်အတိုင်းမကစားနိုင်လို့ ရှုံးတာမျိုးတော့မဖြစ်ချင်ပါဘူး။ လက်ထဲမှာ အခွင့်အရေးရှိတဲ့ အချိန်တိုင်း တိုက်ပွဲဝင်ရမယ်။ နောက်ဆုံးအချိန်အထိ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ရမယ်။ ရှိသမျှအစွမ်းအကုန်သုံးဖို့ မန်စီးတီးကစားသမားတွေက နေ့တိုင်းစိတ်ပိုင်းဖြတ်ထားနိုင်ဖို့ လိုအပ်ပါတယ်”ဟု ဂွာဒီယိုလာက ပြောဆိုလိုက်သည်။







