ဗြိတိန်ရဲ့ နာမည်ကြီး သတင်းစာ တစ်ခုဖြစ်တဲ့ The Sun ကတော့ PSG အသင်းမှ ထွက်ခွာဖို့ သတင်းကြီးနေခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ နေမာဟာ မန်ချက်စတာ ယူနိုက်တက် ကလွဲရင် အခြား အသင်းဆီကို ပြောင်းရွှေ့ဖို့ မရှိကြောင်း ဖော်ပြသွားခဲ့လိုက်ပါတယ် ။
အသက် 31 နှစ် ရှိနေပြီ ဖြစ်တဲ့ နေမာကို PSG အသင်းမှ ရောင်းချလိုနေတယ်လို့ သတင်းထွက်နေခဲ့ပြီး အသင်းရဲ့ တာဝန်ရှိသူတွေကတော့ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ရေးအတွက် အပြောင်းအလဲ အသစ် တစ်ခုကို စတင်ရေးမှာ ဘရာဇီးသားနဲ့ အစပြုချင်နေခဲ့တာပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ နေမာဟာ PSG ပရိသတ်တွေရဲ့ ငြိုငြင်မှုကိုလည်း ရရှိနေတယ်လို့ သိခဲ့ရပါတယ် ။ PSG အသင်းရဲ့ ပရိသတ်တွေဟာ နေမာ မကြာခန ဒဏ်ရာရရှိနေခဲ့တာနဲ့ အသက်အရွယ် ကြီးလာတာကို မနှစ်သက်ပဲ ဖြစ်နေခဲ့ကြရပါတယ် ။
ဒါ့အပြင် သူနဲ့ အမ်ဘာပေ အကြားမှာ အဖုအထစ်အချို့ ရှိနေတာကလည်း ဥရောပ အောင်မြင်မှုရရှိရေးမှာ အနှောင့်အယှက် တစ်ခုလို ဖြစ်နေတယ်လို့လည်း အသင်းရဲ့ တာဝန််ရှိသူတွေနဲ့ ပရိသတ်တွေက ယူဆနေခဲ့ကြတာကြောင့် ရောင်းထုတ်ချင်နေတာပဲ ဖြစ်ပါတယ် ။
အခုတော့ The Sun က PSG အသင်းနဲ့ ကြေးကြီးမြင့်တဲ့ စာချုပ် သက်တမ်း 4 နှစ် အထိ ကျန်ရှိနေသေးတဲ့ နေမာဟာ ဒီအသင််းမှ ထွက်ခွာဖြစ်ခဲ့ရင် မန်ချက်စတာ ယူနိုက်တက် အသင်းဆီကိုပဲ ပြောင်းရွှေ့ချင်နေတယ်လို့ ဖော်ပြသွားခဲ့လိုက်ပါတယ် ။

အခြားတဖက်မှာတော့ အဲရစ် တန်ဟတ် ဦးဆောင်နေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ရပ်ရှ်ဖို့ ရဲ့ သွင်းဂိုးတွေကိုပဲ အဓိကအားပြုနေခဲ့ရတာကြောင့် တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းလိုနေခဲ့ပြီး နေမာနဲ့ သတင်းထွက်လာခဲ့ရပါတယ် ။
အထူးသဖြင့် ယူနိုက်တက် အသင်းကို ဝယ်ယူဖို့အတွက် သတင်းကြီးခဲ့တဲ့ ကာတာသူဌေး ရှိတ် ဂျာဆင် မှ အသင်းရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ နေမာကို ခေါ်ယူချင်နေတယ်ဆိုတာကနေ ဒီသတင်းဟာ တစ်စထက်တစ်စ ကျယ်လောင်လာခဲ့ရတာပဲ ဖြစ်ပါတယ် ။
နေမာဟာ PSG အသင်းအတွက် ပြိုင်ပွဲစုံ 173 ပွဲ ကစားခဲ့ရာမှာ 118 ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ သူ့ကို ခေါ်ယူမယ်ဆိုရင်တော့ တော်ရုံစျေးနဲ့ ရမှာ မဟုတ်ပါဘူး ။ ဒါ့အပြင် နေမာသာ ယူနိုက်တက်ဆီ ရောက်လာရင် PSG မှာလို တစ်ပါတ် ပေါင် 1 သန်းနီိးပါး ဆိုတဲ့ လစာငွေမျိုး မရပဲ အဖြတ်ခံရဖို့ ရှိနေပါတယ် ။






