ချဲလ်ဆီး အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ပိုနေပြီး သုံးဖို့ မသင့်လျော်တဲ့ ကစားသမား အများအပြား ထုတ်ရောင်းဖို့ ရှိသလို ၊ နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနိုမှ အဓိက ပစ်မှတ်ထားနေတဲ့ အထောင်တိုက်စစ်နဲ့ ဂိုးသမား နေရာတွေ အတွက် ခေါ်ယူ အားဖြည့်ပေးဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ် ။
အထူးသဖြင့် ထိပ်တန်းအဆင့် အထောင်တိုက်စစ်မှူး ဖြည့်တင်းဖို့ ချဲလ်ဆီး အတွက် အသည်းအသန် လိုအပ်နေတာ ဖြစ်လို့ နာပိုလီ အသင်းနဲ့ အတူ ဒီရာသီ အထူး ဂိုးမြူးထားတဲ့ နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို ပစ်မှတ်ထား စောင့်ကြည့်နေတာက သိပ်ပြီး မထူးဆန်းပါဘူး ။

အခြား အင်အားကြီး ကလပ် ၂သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ဟာလည်း အိုဆီမန်ကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ အပြိုင် ရှိနေကြပြီး ၊ ချန်ပီယံလိဂ်ဝင်ခွင့်ကြောင့် ၄င်းတို့က ယင်းလန်ဒန်မြို့ခံကလပ်ထက် ပိုပြီး အသာစီးရဖွယ် ရှိပါတယ် ။
တဖက်မှာ နာပိုလီဟာ အိုဆီမန်သာမက ၊ တောင်ကိုးရီးယား လက်ရွေးစင် ခံစစ်မှူး ကင်မင်ဂျေ ၊ ဂျော်ဂျီယာ လက်ရွေးစင် တောင်ပံကစားသမား ခါဗီချာ ခါဗရာဆကီလီယာတို့ကိုပါ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပြီး ၊ ဒီကစားသမားတွေဟာ ဥရောပ အင်အားကြီး ကလပ်တွေထံက မျက်စိကျခြင်းကို ခံထားရပါတယ် ။

La Republicca သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ နာပိုလီ ဥက္ကဋ္ဌ အော်ရယ်လီယို ဒီလော်ရန်းတစ် က သူ့အသင်းက စတားတွေကို ဆက်ထိန်းမယ့် အပြင် ဘယ်လို ကစားသမားတွေကို ထပ်မံ ဖြည့်တင်းချင်တဲ့ အကြောင်းပါ အခုလိုပဲ ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပါတယ် ။
ဒီလော်ရန်းတစ် က ” လာမယ့် နွေရာသီမှာ ဗစ်တာ အိုဆီမန်ကို ကျွန်တော် လုံးဝ ရောင်းမှာ မဟုတ်ပါဘူး ။ နောက်နှစ် ဘောလုံးရာသီ ကျွန်တော် ကစားသမားတိုင်းကို ဆက်ထိန်းနိုင်ပါ့မလား ? ထိန်းရုံတင်မကပါဘူး ။ နောက်ထပ် ကစားသမားသစ်တွေကိုပါ ခေါ်ဖြည့်ချင်ပါသေးတယ် ။ ”
” ကျွန်တော် အမေရိကန်နဲ့ ဂျပန် ကစားသမား တယောက်စီ ထပ်ခေါ်ချင်ပါသေးတယ် ။ ဒါပေမယ့် ကိုယ့်ကစားသမားတွေကိုတော့ တယောက်မှ ရောင်းမထုတ်လိုပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဒီလော်ရန်းတစ်ရဲ့ ဒီစကားဟာ ချဲလ်ဆီးက ထွက်ခွာဖို့ အလားအလာ အလွန်များနေတဲ့ တောင်ပံကစားသမား ခရစ်တီယန် ပူလီဆစ် အတွက် စီးရီးအေသို့ ပြောင်းရွှေ့ဖို့ လမ်းပိုဖွင့်ပေးလိုက်သလို ဖြစ်စေပါတယ် ။

အသက် ၂၄နှစ် အရွယ်ရှိ ယင်းအမေရိကန်လက်ရွေးစင် တောင်ပံကစားသမားဟာ အခြား ချဲလ်ဆီး တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ပီယာအမ်းမရစ် အူဘားမီးယန်း ၊ ဟာကင် ဇီယက်ခ်ျတို့ကဲ့သို့ ပုံမှန်ကစားခွင့် အတွက် အသင်းပြောင်းချင်နေရာ ၊ သူ့အတွက် အဆင်ပြေဆုံးနဲ့ အခွင့်အရေး အကောင်းဆုံးက အီတလီ စီးရီးအေ ဖြစ်နေပါတယ် ။
လောလောဆယ်မှာ တောင်ပံ ကစားသမား အများအပြား အကျဖက် ရောက်နေလို့ အားဖြည့်ချင်နေတဲ့ ယူဗင်တပ်စ်ဟာ ပူလီဆစ်ကို ခေါ်ဖို့ ထိပ်ဆုံးက စိတ်ဝင်စားနေကာ ၊ မကြာသေးခင်ကမှ အေစီမီလန် ဝါရင့်တိုက်စစ်မှူး အိုလီဗီယာ ဂျရူးကတော့ သူ့ရဲ့ ချဲလ်ဆီး အသင်းဖော်ဟောင်း ဖြစ်သူကို မီလန်ဆီ ပြောင်းရွှေ့လာဖို့ တိုက်တွန်းထားပါတယ် ။
နာပိုလီဖက်ကသာ ပူလီဆစ်ကို ခေါ်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ချဲလ်ဆီးဟာလည်း သူတို့ လိုချင်တဲ့ အိုဆီမန်ကို ပူလီဆစ် အပါအဝင် ငွေသားအလိုက် ပေးပြီး ခေါ်ယူဖို့ ညှိနှိုင်း လုပ်ဆောင်ဖို့ ရှိပါတယ် ။







