Monday, February 9, 2026
spot_img
spot_img

နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့သည့်ပွဲသည် ဘာစီလိုနာအသင်းကို (၄)ဂိုးပြတ်နိုင်ခဲ့စဉ်ကထက် ပိုမိုခက်ခဲသည်ဟု ယာဂန်ကလော့ပ် ဆို

လီဗာပူးလ်အသင်း၏နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က ပြီးခဲ့သည့်ပရီးမီးယားလိဂ်ပွဲစဉ်တွင် နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့ခြင်းမှာ ဘာစီလိုနာအသင်းအား အန်ဖီးလ်ကွင်းတွင် (၄) ဂိုးပြတ်အနိုင်ရရှိစဉ်ကထက်ပင် ပိုမိုခက်ခဲသည်ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ဘာစီလိုနာအသင်းနှင့် ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရင်ဆိုင်ခဲ့စဉ်က ပထမအကျော့၌ ဂိုးပြတ်ရှုံးထားပြီးဖြစ်ကာ နောက်တစ်ဆင့်တက်ရန်အတွက် အလွန်ခက်ခဲသည့်အခြေအနေတွင် ရှိခဲ့သော်လည်း မှော်ဆန်ဆန်ပြန်လာမှုဖြင့် (၄-၀) ဂိုးဖြင့် အနိုင်ရကာ ကျော်ဖြတ်နိုင်ခဲ့သည်။

ယခုပွဲစဉ်တွင်လည်း လီဗာပူးလ်အသင်းသည် ပထမပိုင်းကတည်းက အသင်းခေါင်းဆောင်ဖြစ်သည့် နောက်ခံလူ ဗန်ဒိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး ဗန်ဒိုက် အထုတ်မခံရမီကတည်းကလည်း တစ်ဂိုးရှုံးထားသည့်အတွက် နိုင်ပွဲပြန်လည်ရရှိရန် အလွန် ခက်ခဲသည့် အခြေအနေဖြစ်ခဲ့သည်။  

ကလော့ပ်က ယင်းပွဲစဉ်တွင် နိုင်ပွဲပြန်လည် ရှာဖွေနိုင်ခဲ့ခြင်းမှာ  ဘာစီလိုနာအသင်းကို ဂိုးပြတ်အနိုင်ရခဲ့စဉ်ကထက် ပိုမိုခက်ခဲသည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။

” ဒီပွဲက ဘာစီလိုနာကို ကျော်ဖြတ်ခဲ့တုန်းကထက်တောင် ပိုခက်ခဲပါတယ်။ အခြေအနေက လုံးဝမတူပါဘုူး။ ကျွန်တော်တို့ ပွဲကို ပုံစံကောင်းနဲ့ မစတင်နိုင်ခဲ့ဘူး။ ပြီးတော့ တစ်ဂိုးပေးခဲ့ရတယ်။ ပြီးတော့ ကစားသမားတစ်ဦးလည်း အထုတ်ခံခဲ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကျွန်တော်တို့အသင်းကစားတာ ပိုကောင်းလာခဲ့ပါတယ်။ တစ်ခုခုတော့ ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ခံစားလာခဲ့ရတယ်။ ပြီးတော့ ဒါဝင်နူးနက်ဇ်က စူပါစွမ်းဆောင်ရည်ကို ပြသခဲ့တယ်။  ကျွန်တော်တို့ ဒီလိုနိုင်ပွဲ ပြန်ရဖို့အတွက် ကံကောင်းဖို့ လိုခဲ့တယ်လို့တော့ မထင်ပါဘူး။ ကျွန်တော်တို့ စိတ်ပူပန်မှုကို နည်းနည်းလျှော့ချခဲ့တယ်။ ပွဲကို နည်းနည်းလေးငြိမ်သွားအောင် ထိန်းနိုင်ခဲ့တယ်။ ပြီးတော့ ဒါဝင် ဝင်လာခဲ့တယ်။ ဒါဝင်က ပွဲထွက်ခွင့် သိပ်မရသလို၊ သူ သိပ်မပျော်ရွှင်တာလည်း သိသာပါတယ်။ ဒါပေမဲ့ အခုမှ ရာသီအစပါ။ ကျွန်တော်တို့ တည်ငြိမ်မှုလိုအပ်နေပြီး၊ ရလဒ်ကောင်းတွေ ရှာဖွေဖို့ ကြိုးစားနေပါတယ်။ သူ သေချာပေါက် ကစားခွင့်ရလာမှာပါ။ ဒါက သံသယဖြစ်စရာ မရှိပါဘူး။ ဒီရာသီက အဓိက ကစားသမားသစ်တွေနဲ့ အသင်းသစ်လို ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အချိန်နည်းနည်း လိုပါတယ်။ သူက (၂) ဂိုးသွင်းခဲ့ပြီး သူ့မျက်နှာမှာ အပြုံး မတွေ့ရဘူး။ ဒါပေမဲ့ အသင်းအတွက်တော့ သူ လုပ်ပြခဲ့တာက အရမ်းအဖိုးတန်ပါတယ်။ ပွဲရဲ့ နောက်ဆုံးမိနစ်တွေမှာ ကျွန်တော် အရမ်းပျော်ခဲ့ရပါတယ်”ဟု ကလော့ပ်က ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments