အင်္ဂလန်ဆယ်ကျော်သက်ကွင်းလယ်ကြယ်ပွင့် ဘယ်လင်ဟမ်သည် မိခင်ကလပ် ဒေါ့မွန်အသင်းက တစ်နှစ်လစာ ပေါင် (၁၂)သန်း(တစ်ပတ် ပေါင် ၂၃၀၀၀၀)ဖြင့် စာချုပ်သစ်ချုပ်ဆိုရန်ကမ်းလှမ်းမှုကို ငြင်းပယ်သွားမည်ဖြစ်ကြောင်း သိရသည်။
အသက်(၁၉)နှစ်သာရှိသေးသူ ဘယ်လင်ဟမ်သည် ပြီးခဲ့သည့်ရက်ပိုင်းက လာမည့်နွေရာသီတွင် လာလီဂါထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဂျာမန်သတင်းစာ Bild က ဖော်ပြသည့်သတင်းတွင် ရီးယဲလ်အသင်းသည် ဘယ်လင်ဟမ်အား လစာငွေအဖြစ် တစ်နှစ်ပေါင် (၁၇.၄) သန်း (တစ်ပတ် ပေါင် ၃၃၄၀၀၀)ပေးချေသွားမည်ဟု ရေးသားခဲ့သည်။
ယင်းပမာဏမှာ ရီးယဲလ်အသင်းတွင် လစာအများဆုံးကစားသမားဖြစ်သည့် ဟာဇက်(တစ်ပတ် ပေါင် ၅၃၀၀၀၀)ပြီးနောက် ဒုတိယလစာအများဆုံးအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။







