လီဗာပူး ဂန္တဝင် ဂျေမီကာရေဂါဟာ ပရီးမီးယားလိဂ် အမှတ်ပေးဖလား ခန့်မှန်းမှုကို ပြုလုပ်သွားခဲ့တဲ့ အပြင် အဲရစ်တန်းဟတ်ရဲ့ လက်အောက်မှာ တိုးတက်မှုတွေ ရှိလာခဲ့တဲ့ မန်ယူနိုက်တက်နဲ့ပက်သက်ပြီးစိုးရိမ်ပူပန်မိတယ်လို့ ဆိုလိုက်ပါတယ်။ အာဆင်နယ် မန်စီးတီး မန်ယူနိုက်တက် နယူးကာဆယ် တို့ဟာ လက်ရှိအချိန်မှာ top 4 နေရာကို သိမ်းပိုက်ထားကြပြီး တော့တင်ဟမ် ဘရိုက်တန် ဘရိုက်တန် တို့ကလည်း သိပ်အဝေးကြီးမှာ ရှိမနေပါဘူး။

လက်ရှိ အနေအထား အရ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ဒီဖလားရဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ်နဲ့ နောက်ဆုံး ၅ ရာသီမှာ အမှတ်ပေးဖလားကို ၄ ကြိမ်ထိ ဆွတ်ခူးထားခဲ့တဲ့ မန်စီးတီးတို့ပဲ အဓိက ပြိုင်ဆိုင်သွားရဖို့ ရှိနေပါတယ်။

မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်တွေက လိဒ် အာဆင်နယ် ခရစ်စတယ်ပဲလေ့စ် တို့နဲ့ ပွဲစဉ်တွေမှာ အမှတ်လျော့ခဲ့ပြီး ကာရေဂါက သရဲနီတို့ဟာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်မယ်လို့ မထင်မိကြောင်း ပြောသွားခဲ့ပါတယ်။
ဒါပေမယ့်လည်း ကာရေဂါက အဲရစ်တန်းဟတ်ရဲ့ လက်အောက်မှာ ယူနိုက်တက်ရဲ့ တိုးတက်နေမှုကို သဘောကျနေပြီး လီဗာပူးဖန် တစ်ဦး အနေနဲ့ ပြောရမယ်ဆိုရင် သရဲနီတို့ ဒီလို လုပ်ဆောင်နေမှုဟာ စိတ်ပူစရာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။ ယူနိုက်တက်ဟာ ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက်ပိုင်း ရုန်းကန်နေရတဲ့ အသင်း ဖြစ်ပြီး နောက်ဆုံး ဆုဖလား ရခဲ့တာကတော့ ၂၀၁၇ ခုနှစ်က မော်ရင်ညိုရဲ့ လက်အောက်မှာ ဖြစ်ပါတယ်။

ကာရေဂါက “အဲရစ်တန်းဟတ်ရဲ့ လက်အောက်မှာ ယူနိုက်တက်နဲ့ပက်သက်ပြီး ကျနော့်ရဲ့ ခံစားချက်က ပြောင်းလဲသွားပါတယ်။ ပြီးခဲ့တဲ့ မန်နေဂျာတွေ လက်အောက်မှာ အနုတ်လက္ခဏာဆောင်တဲ့ အရာတွေ ကလပ်မှာ ရှိနေတယ်လို့ ကျနော် အမြဲတမ်း ခံစားမိခဲ့ပါတယ်။ မော်ရင်ညို ဆိုရင်လည်း သူနဲ့ ဘုတ်အဖွဲ့ကြားမှာ ပြသနာတွေ ရှိခဲ့တဲ့ ပုံစံမျိုး ခံစားခဲ့ရပါတယ်။ လူးဝစ်ဗန်ဟား ဆိုရင်လည်း ပရိတ်သတ်တွေဟာ သူ့ရဲ့ ကစားဟန် အပေါ် နှစ်သက်မှု မရှိခဲ့ကြပါဘူး။ အိုလီဂန်နာဆိုးရှား ကတော့ ယူနိုက်တက်ကို အမှတ်ပေးဖလား ရယူနိုင်မယ့် မန်နေဂျာ အဖြစ် ကျနော် ဘယ်တုန်းကမှ မမြင်မိပါဘူး။
အခုဆိုရင် သူတို့ဟာ ကိုယ်ဘာလုပ်နေသလဲဆိုတာ ကောင်းကောင်း သိနေတဲ့ မန်နေဂျာကို ပိုင်ဆိုင်ထားတယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ ယူနိုက်တက်မှာ မမြင်ရတာ ကြာနေပြီ ဖြစ်တဲ့ စိတ်ဓာတ်ကိုလည်း မြင်တွေ့နေရတယ်လို့ ထင်ပါတယ်။ သူတို့ ပြန်လာနေပြီလို့ ခံစားမိနေပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ တစ်စုံတစ်ရာ ဖြစ်နေတဲ့ပုံစံပါပဲ။ အခြား မန်နေဂျာတွေနဲ့တုန်းက ကျနော် ဒါမျိုး မမြင်ဖူးခဲ့ပါဘူး။ ဒါဟာ စိတ်ပူစရာပါပဲ။” လို့ပြောသွားပါတယ်။

ပရီးမီးယားလိဂ် ခန့်မှန်းမှုနဲ့ ပက်သက်ပြီး ကာရေဂါက “ကျနော်ကတော့ အာဆင်နယ်တို့ ဒီိရာသီမှာ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ tip ပေးပါတယ်။ ဘာလို့လဲဆိုတော့ မန်စီးတီးတို့ အကောင်းဆုံး ပုံစံ ပြန်လာနိုင်မယ်လို့ ကျနော့်ဘက်က မသေချာလို့ပါ။ မန်စီးတီးတို့ ဒီလိုမျိုး ကြာကြာ ဖြစ်လေလေ အာဆင်နယ် အတွက် အသက်ရှုရ ချောင်လေလေပါပဲ။ စီးတီးရဲ့ ကွင်းတွင်း ကွင်းပြင်ပ အခြေအနေတွေကြောင့် အာဆင်နယ်တို့ ရရှိထားတဲ့ breathing space က ကြီးမားပါတယ်။ သူတို့ လက်ရှိနေရာကို ဆက်ထိန်းထားနိုင်မယ်လို့ ထင်ပါတယ်။
စီးတီးကို အခု ကြည့်လိုက်ပါ။ သူတို့ ပွဲတိုင်း အနိုင်ရလိမ့်မယ်လို့ ထင်စရာ မရှိပါဘူး။ သူတို့ဟာ ဒီအချိန်မှာ ပုံစံကောင်းမှာ ရှိမနေဘူးလို့ ခံစားရပါတယ်။ အာဆင်နယ်ဟာ အမှတ်ပေးဖလား ချန်ပီယံ ဖြစ်ဖို့အတွက် တကယ်ကောင်းတဲ့ အနေအထားမှာ ရှိနေပါတယ်။” လို့ပြောသွားပါတယ်။






