ဥရုဂွေးဝါရင့်တိုက်စစ်မှူးဖြစ်သူ လူးဝစ်ဆွာရက်ဇ်က လက်ရွေးစင်အသင်းဖော်ဖြစ်သူ ဒါဝင်နူးနက်ဇ်သည် ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး No.9 Role များထဲကတစ်ဦးဖြစ်ကြောင်း ဘိုလစ်ဗီးယားအသင်းအား (၃-ဝ)ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီး ချီးကျူးခဲ့သည်။
“ကျွန်တော့်ရှေ့မှာ ကမ္ဘာ့အကောင်းဆုံး No.9 Role ကစားသမားတွေထဲက တစ်ဦးရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ သူ့ကို ပျော်ရွှင်ကျေနပ်စေဖို့ အကူအညီပေးရပါမယ်။ ယနေ့မှာ ကျွန်တော်ဟာ အရင်က မကစားရဖူးတဲ့ အခြားပုံစံတစ်ခုနဲ့ ကစားခဲ့ပါတယ်။ ဒီအစုအဖွဲ့ကို ကူညီနေရလို့ ကျွန်တော် ပျော်ရွှင်မိပါတယ်” ဟု ဆွာရက်ဇ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ဆွာရက်ဇ်သည် ဘိုလစ်ဗီးယားနှင့် ပွဲတွင် နိုင်ငံပွဲ (၁၃၇)ပွဲမြောက်အဖြစ်ကစားခဲ့ပြီး ကာဗာနီကိုကျော်ဖြတ်ကာ ဂန္ထဝင်နောက်ခံလူ ဂိုဒင်(၁၆၁ ပွဲ)နောက် ဒုတိယပွဲအများဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။
ဒါဝင်နူးနက်ဇ်သည် ဘိုလစ်ဗီးယားနှင့်ပွဲတွင် (၂)ဂိုးသွင်းယူပြီး သူ၏နိုင်ငံတကာပွဲ (၂၂)ပွဲတွင် (၈)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သည်။






