မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသည် တရုတ်နိုင်ငံသို့ သွားရောက်မည့် ခြေစမ်းခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
အင်တာမိုင်ယာမီအသင်းသည် အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ပြည်ပခြေစမ်းခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့သွားရောက်၍ နိုဝင်ဘာ (၅) ရက်တွင် Qingdao Hainiu၊ နိုဝင်ဘာ (၈) ရက်တွင် Chengdu Rongcheng အသင်းနှင့် ယှဉ်ပြိုင် ကစားရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့သော် တရုတ်နိုင်ငံ၌ ထင်မှတ်မထားသည့်အခြေအနေများ ကြုံတွေ့နေရသည်ဟု အဆိုပါခရီးစဉ်ကို စီစဉ်သည့် NSN ဘက်မှ အကြောင်းကြားလာသဖြင့် ဖျက်သိမ်းခြင်းဖြစ်ကြောင်း အင်တာမိုင်ယာမီအသင်းက နိုဝင်ဘာ (၁) ရက်တွင် ထုတ်ပြန်ခဲ့သည်။
သို့ဖြစ်ရာ Ballon d’Or ဆုရရှိထားသူ မက်ဆီအပါအဝင် အင်တာမိုင်ယာမီအသင်း ကစားသမားများအနေဖြင့် အမေရိကန်၌သာ ဆက်ရှိနေမည်ဖြစ်သည်။
အင်တာမိုင်ယာမီအသင်းသည် ယင်းခရီးစဉ် ဖျက်သိမ်းပြီးနောက် အခြားခရီးစဉ်တစ်ခုကို စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။






