PAG အသင်းတိုက်စစ်မှူး မက်ဆီသည် ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့ကစားနိုင်ကြောင်း သတင်းများထွက်ပေါ်နေစဉ် ခရီးသွားသံတမန်အနေဖြင့် ဆော်ဒီနိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
မက်ဆီနှင့် PAG အသင်း၏ စာချုပ်သက်တမ်းမှာ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်သလို ချန်ပီယံလိဂ်မှ ထွက်ခဲ့ရသောကြောင့် အနာဂတ်မတည်မငြိမ်ဖြစ်နေပြီး ၎င်းပြောင်းရွှေ့နိုင်ခြေရှိသည့် လိဂ်ပြိုင်ပွဲများအနက် ဆော်ဒီလိဂ်မှာလည်း တစ်ခုအပါအဝင်ဖြစ် ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

မက်ဆီသည် ပြီးခဲ့သည့်နှစ်တွင် ဆော်ဒီနိုင်ငံ၏ ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခံထားရခြင်းဖြစ်ပြီး မေလအတွင်း ဂျက်ဒါမြို့သို့ အလည်အပတ်သွားရောက်ခဲ့သလို ယခုနှစ် ဇန်နဝါရီတွင် PAG အသင်းနှင့်အတူ စီရော်နယ်လ်ဒိုပါဝင်သည့် ဆော်ဒီလိဂ်စူပါစတား အသင်းနှင့် ခြေစမ်းပွဲ ကစားခဲ့ဖူးသည်။
“ကျွန်တော်တို့ရဲ့ ခရီးသွားသံတမန်ကို ကြိုဆိုရမှာဖြစ်လို့ ဝမ်းသာပါတယ်။ သူ့မိသားစုနဲ့ မိတ်ဆွေတွေက ဒီလထဲ ရောက်လာမှာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ အလှပဆုံး ခရီးသွားနေရာတွေကို ခံစားဖို့၊ ကျွန်တော်တို့ပြည်သူတွေနဲ့ ချိတ်ဆက်ပြီး ထူးခြားတဲ့အတွေ့အကြုံ တွေကို ပျော်ရွှင်စွာခံစားလိုက်ပါ” ဟု ဆော်ဒီ ခရီးသွားဝန်ကြီး အာမက်အယ်လ်ခါတစ်က Twitter မှတစ်ဆင့် ပြောကြားခဲ့သည်။

အယ်လ်အစ်တီဟတ်နှင့် အယ်လ်ဟီလာ အသင်းတို့က မက်ဆီကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိပြီး အယ်လ်အစ်တီဟတ်ပရိသတ်များကလည်း ၎င်းတို့၏ပွဲစဉ်များတွင် မက်ဆီနာမည်ကို အော်ဟစ်အားပေးနေကြသည်။






