ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ တန်းဆင်းဇုန် အမှတ်ပေးဇယား အောက်ဆုံးမှ ယာယီ နည်းပြနဲ့ ဆောက်သမ်တန်ကို အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပထမပိုင်းပြီးခါနီးက ကွင်းလယ်လူ ဂျိမ်းစ်ဝက်ပရောက်စ်ရဲ့ တိုက်ရိုက် ဖရီးကစ်ဂိုးနဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ရပါတယ် ။
ထိုပွဲအပြီး စတမ်းဖို့ဒ်ဘရစ်ခ်ျ အတွင်း ချဲလ်ဆီး ပရိသတ်များက နည်းပြ ဖြစ်သူ ဂရေဟမ် ပေါ်တာ အပေါ် ဆိုးရွားတဲ့ boo လုပ်သွားခဲ့ကြပါတယ် ။ ဒါဟာ အဓိက ချဲလ်ဆီး ပရိသတ်ထုထံမှ ပထမဆုံး အကြိမ် အနုတ်လက္ခဏာ ပြတဲ့ အခြေအနေမျိုးတော့ မဟုတ်ပေမယ့် ၊ ဒါဟာ ဂရေဟမ် ပေါ်တာ အတွက် ကြီးမားတဲ့ သတိပေး ခေါင်းလောင်း ဖြစ်စေတာ သေချာပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂရေဟမ် ပေါ်တာက ပရိသတ်တွေထံမှ စိတ်ပျက်ဖွယ် feedback မျိုး ပြန်ရတာကို နားလည်ပေးနိုင်ပေမယ့် ၊ အခုလို အခြေအနေ ဆိုးဆိုးရွားရွား ဖြစ်နေတာက သူ့အပေါ် အပြည့်အဝ မူတည်နေတာမျိုး မဟုတ်ကြောင်း တုန့်ပြန် ဖြေကြားခဲ့ပါတယ် ။
ပေါ်တာ က ” အိမ်ကွင်းမှာ ၀ – ၁ ရလဒ်နဲ့ ရှုံးပြီးတဲ့နောက် ခင်ဗျားဟာ ဘယ်လို ဝေဖန်မှုမျိုးကိုမဆို နားလည်ပေးရပါမယ် ။ ကျွန်တော်တို့ဟာ ခက်ခဲတဲ့ အချိန် ကာလ တရပ်ကို ဖြတ်သန်းနေရတယ်လို့ ထင်ပါတယ် ။ လူငယ် ကစားသမားတွေကို ပရီးမီးယားလိဂ်မှာ အသားကျစေဖို့ ၊ အဆင့်မြှင့်တင်ပေးနိုင်ဖို့နဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ စိန်ခေါ်မှု များစွာ ရှိနေပါတယ် ။ ”

” ရလဒ်တွေက ခင်ဗျား လိုချင်သလို ဖြစ်မလာတော့ အခြေအနေက ခက်ခဲနိုင်ပါတယ် ။ အခုက အဲလို ဖြစ်နေတာပါ ။ ကျွန်တော်က အဓိက တရားခံ ဖြစ်တယ်လို့ ထင်နေကြတဲ့လူတွေ ရှိမယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် ။ သူတို့ မှန်တယ်လို့ ကျွန်တော် လုံးဝကို မထင်ပါဘူး ။ ”
” ကျွန်တော့ အလုပ်က အသင်းကို ကူညီပေးဖို့ ဖြစ်ပါတယ် ။ ဒီနေ့မှာ ကျွန်တော်တို့ ပွဲထွက်စာရင်း အပြောင်းအလဲ အချို့ လုပ်ခဲ့ရတာကြောင့် ပထမပိုင်းမှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က နောက်တလှမ်း ဆုတ်သလို ဖြစ်သွားစေပါတယ် ။ ဒုတိယပိုင်းက အသင်းရဲ့ တုန့်ပြန်မှုက ကောင်းခဲ့ပါတယ် ။ ဒါပေမယ့် လုံလုံလောက်လောက် မကောင်းခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဒါ့အပြင် ဂရေဟမ် ပေါ်တာဟာ မနေ့က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲဆီသို့ သတ်မှတ်ချိန်ထက် နောက်ကျမှ ရောက်လာခဲ့ပြီး ၊ ဒါဟာ အဝတ်လဲခန်းထဲက အရှုပ်အထွေး ကိစ္စတွေကြောင့် ဖြစ်တယ်လို့ ယူဆချက်တွေလည်း ရှိခဲ့ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီးလည်း ပေါ်တာက အခုလို ဖြေရှင်းသွားခဲ့ပါတယ် ။
ပေါ်တာ က ” အဝတ်လဲခန်းထဲက အထင်အမြင်လွဲစရာ ကိစ္စ ဘာတခုမှ မရှိပါဘူး ။ ဒါကြောင့် ကျွန်တော် ခင်ဗျားတို့ကို ဒါနဲ့ ပတ်သက်ပြီး ဘာသတင်းအသစ်မှ မပေးနိုင်ပါဘူး ။ ဒီအကြောင်း သိချင်ကြတဲ့ မီဒီယာများစွာ ရှိနေပြီး ၊ ကျွန်တော့ရဲ့ လုပ်ဖော်ကိုင်ဖက် တဦးကလည်း ကျွန်တော့ မတိုင်ခင်ကတည်းက ဒါတွေကို ဖြေထားခဲ့ပြီးပြီလို့ ကျွန်တော် ယုံကြည်ပါတယ် ။ ”
” ပွဲပြီးတာနဲ့ ခင်ဗျားတို့ မေးတာကို ကျွန်တော် အမြဲ လာဖြေပေးနေကျပါ ။ အခု မေးနေကြတဲ့ မေးခွန်းတွေကိုလည်း ကျွန်တော် နားလည်ပါတယ် ။ လတ်တလော ရလဒ်တွေကြောင့် ဆောက်သမ်တန်လို အသင်းမျိုးကို ကိုယ့်အိမ်ကွင်းမှာ ရှုံးတာက ဘယ်လိုမှ မကောင်းပါဘူး ။ သူတို့ကို ကျွန်တော် မလေးမစား ပြောတာ မဟုတ်ပါဘူး ။ ”
” ပထမပိုင်း စွမ်းဆောင်ရည်က ဆိုးရွားခဲ့တာကြောင့် ကျွန်တော့မှာ အားလုံး နည်းတူ တာဝန်ရှိပါတယ် ။ ဒုတိယပိုင်း ကစားပုံက ပိုကောင်းခဲ့ပြီး ၊ ကျွန်တော်တို့ ချေပဂိုး ပြန်ရဖို့ ထိုက်တန်ခဲ့ပါတယ် ။ ဒါကို လုပ်နိုင်ခဲ့ရင် ပွဲက အလှည့်အပြောင်း ဖြစ်သွားမှာပါ ။ ဒါပေမယ့် ၀ – ၁ နဲ့ ရှုံးတာက ဘယ်လိုမှ မကောင်းပါဘူး ။ ဒီအတွက် ကျွန်တော်တို့ စ်ိတ်ပျက်ကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။






