Thursday, January 15, 2026
spot_img
spot_img

“ဆောက်ဂိတ်” ရဲ့ မန်ယူနိုက်တက် နည်းပြ အနာဂါတ် ကို ဆွေးနွေးခဲ့ကြတဲ့ နဗီးလ် နဲ့ ရွိုင်ကင်း

ယူရို ၂၀၂၄ အပြီးမှာ ဂျရတ် ဆောက်ဂိတ် ဟာ အင်္ဂလန် နည်းပြ အဖြစ် ကနေ ထွက်ခွာပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတခုဟာ မနေ့ကစတင်ပြီး ထွက်ပေါ် လာခဲ့ ပါတယ် ။ မန်ယူအသင်းရဲ့ ပူးတွဲ ပိုင်ရှင်သစ် ဖြစ်လာတဲ့ ဆာ ဂျင် ရတ်ကလစ် ဟာ ဆောက်ဂိတ် ကို နှစ်သက် သဘောကျပြီး အဲရစ် တန်ဟတ် ကို ထုတ်ပယ်ဖြစ်ခဲ့ပါက အစားထိုးသွားမယ့် နည်းပြ စာရင်းထဲမှာ ထည့်သွင်း ထားတယ်လို့ သတင်းထွက်လာခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက်မှာတော့ မန်ယူနိုက်တက် ဂန္ထဝင် အသင်းခေါင်းဆောင်ဟောင်း ၂ ယောက် ဖြစ်ကြတဲ့ ဂယ်ရီ နဗီးလ် နဲ့ ရွိုင်ကင်း တို့ဟာ ဆောက်ဂိတ် ကို မန်ယူနိုက်တက် နည်းပြသစ် ဖြစ်လာနိုင်ချေ မြင့်မားကြောင်း ထောက်ခံ ပြောဆိုသွားခဲ့ကြပါတယ် ။

“တကယ်လို့သာ အင်္ဂလန် အသင်း ယူရိုမှာ အခြေအနေကောင်းခဲ့မယ် ၊ ဗိုလ်စွဲခဲ့မယ် ဆိုရင်ပေါ့ . . . သူ ( ဆောက်ဂိတ် ) ဒီအသင်းနဲ့ ခရီးဆက်ဦးမယ်လို့ အတော်များများက ထင်ထားကြပါတယ် ။ ဒါပေမယ့် မအောင်မြင် ခဲ့ရင်တော့ ကျိန်းသေပေါက် နှုတ်ဆက်မှာပါ ။ ယူနိုက်တက် ကို ရောက်လာမယ်လို့ နာမည်ကြီးနေတဲ့ ဒန် အက်စ်ဝေါ့သ် ( အားကစား ဒါရိုက်တာ အဖြစ် ) နဲ့ ဆောက်ဂိတ် တို့က အတော်လေး ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့ကြတာပါ ။ ဒါကြောင့် ဆောက်ဂိတ် သာ နည်းပြ ဖြစ်လာမယ်ဆိုရင် ကျွန်တော်တော့ အံ့သြမိမှာ မဟုတ်ပါဘူး” လို့ ရွိုင်ကင်းက ပြောဆိုခဲ့ပါတယ် ။

ဂယ်ရီ နဗီးလ် ကလည်း “ဂျရတ် ဆောက်ဂိတ် ကို မန်ယူနိုက်တက် နည်းပြ ဖြစ်လာလိမ့်မယ်လို့ တခါမှ စိတ်ကူးနဲ့တောင် မတွေးကြည့်ဖူးပါဘူး ။ ဒါပေမယ့် အခု ဒန် အက်စ်ဝေါ့သ် က ရောက်လာတော့မှာပါ ။ အဲရစ် တန်ဟတ် အနေနဲ့ သူ့ရဲ့ နေရာကို မြဲဖို့ ဘာလုပ်ဖို့ လိုမယ်ထင်လဲ ၊ FA Cup လောက်နဲ့တော့ ရမှာ မဟုတ်ပါဘူး ၊ ချန်ပီယံလိဂ် ဝင်ခွင့်ကို ယူနိုင်မှ ဖြစ်မှာပါ” လို့ အဲရစ် တန်ဟတ် ရဲ့ အနာဂါတ် နဲ့ မန်ယူနည်းပြသစ် ဖြစ်လာနိုင်ချေ အပေါ် သုံးသပ်ပြောဆိုသွားခဲ့ ပါတယ် ။

ဆောက်ဂိတ် ဟာ ၂၀၁၆ ခုနှစ်မှာ အင်္ဂလန် လက်ရွေးစင် အသင်းကြီးရဲ့ နည်းပြ ဖြစ်လာခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလား မှာ စတုတ္ထ ၊ ယူရို ၂၀၂၀ မှာ ဒုတိယဆုတွေကို အင်္ဂလန် အသင်းနဲ့ ရယူပေးထားနိုင်ခဲ့သူ ဖြစ်ပါတယ် ။ ဆောက်ဂိတ် လက်ထက် မှာ အင်္ဂလန် အသင်းဟာ စာရွက်ပေါ်မှာ ရေပန်းစားနေတဲ့ အဆင့်ထက် ပိုမို သာလွန်တဲ့ အသင်းတသင်း ဖြစ်လာခဲ့ပြီး အခုလာမယ့် ယူရို ၂၀၂၄ မှာလည်း ဗိုလ်စွဲမယ့် အသင်းတသင်းအဖြစ် အလေးပေးခံ ထားရပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments