Tuesday, January 20, 2026
spot_img
spot_img

ဆောက်ဂိတ်အား ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးထိ ဆက်ရှိနေရန် အသင်းကစားသမားများအားလုံး အလိုရှိနေကြကြောင်း မက်ဂွိုင်းရား ပြောကြား

အင်္ဂလန်လက်ရွေးစင်အသင်းနောက်ခံကစားသမား မက်ဂွိုင်းရား အသင်းနည်းပြ ဆောက်ဂိတ်အား ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးထိ အသင်းတွင် ဆက်ရှိနေရန် အသင်းကစားသမားများအားလုံး အလိုရှိနေကြကြောင်း ပြောကြားခဲ့သည်။ 

အသက် ၅၃ နှစ်အရွယ်ရှိ ဆောက်ဂိတ် သည် ဒီဇင်ဘာလကုန်တွင် အင်္ဂလန်လက်ရွေးစင်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အနာဂတ်နှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆန်ထားသူဖြစ်သည်။ ယင်းအခြေအနေတွင် မန်ယူအသင်းပူးတွဲပိုင်ရှင်သစ်ဖြစ်လာသူ ဆာဂျင်ရက်ကလစ်ဖ်က လာမည့်နွေရာသီတွင် လက်ရှိနည်းပြ တန်ဟက်ဂ် အား ရာထူးမှထုတ်ပယ်ပြီး ဆောက်ဂိတ်ကို အစားထိုးလိုနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ ထို့ကြောင့် ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဆောက်ဂိတ်အတွက် အင်္ဂလန်အသင်းကို ကိုင်တွယ်သည့် နောက်ဆုံးပြိုင်ပွဲဖြစ်လိမ့်မည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ 

ယင်းအတွက် မက်ဂွိုင်းရားက အသင်းကစားသမားများအနေဖြင့် ဆောက်ဂိတ်အား အသင်းတွင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးထိ ဆက်ရှိနေရန် မျှော်လင့်နေကြောင်းနှင့် ၎င်းအား စာချုပ် သက်တမ်းတိုးရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ကို တိုက်တွန်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ 

မက်ဂွိုင်းရားက “ကျွန်တော်တို့ ကတော့ သူ့(ဆောက်ဂိတ်)ကို အသင်းမှာ သေချာပေါက် ဆက်ရှိနေစေချင်ပါတယ်။ ကျွန်တော်ဟာ သူနဲ့ အရမ်းကောင်းမွန်တဲ့ ဆက်ဆံရေးရှိသူပါ။ ကျွန်တော့်အနေနဲ့ နိုင်ငံလက်ရွေးစင်အသင်းတိုးတက်မှုနဲ့ အောင်မြင်မှုတွေမှာ ကြီးကျယ်ခမ်းနားတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ဆောက်ဂိတ်လည်း အဲဒီလိုပဲ ပြောလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ အခု ကျွန်တော်တို့ လိုနေတာ ဖလားတွေ ရယူဖို့ပါ။ ယူရိုပြိုင်ပွဲအပြီးမှာ ဘာတွေဖြစ်မယ်ဆိုတာကို ကျွန်တော် မသိပါဘူး။ တကယ်လို့ ဆောက်ဂိတ်က ကျွန်တော်တို့ကို အောင်မြင်အောင် လုပ်ပေးနိုင်တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ သူ့ကို အသင်းမှာ အကြာကြီး ဆက်ရှိစေချင်ပါတယ်”ဟု ပြောကြားခဲ့သည်။ 

ဆောက်ဂိတ်သည် အင်္ဂလန်လက်ရွေးစင်အသင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာတွင် စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားတွင် စတုတ္ထ၊ ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဒုတိယနှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့သည်။ သို့သော် လက်ရှိတွင် အင်္ဂလန်အသင်း၌ နာမည်ကျော် ကစားသမားများစွာ ပါဝင်နေသည့်အတွက် ဆောက်ဂိတ်အနေဖြင့် ဆုဖလား မရယူပေးနိုင်သည့်အပေါ် ဝေဖန်မှုများရှိနေသည်။ မက်ဂွိုင်းရားကမူ ဆောက်ဂိတ်မှာ အင်္ဂလန်ကစားသမားများ၏ လေးစားမှုကို အပြည့် ရရှိထားပြီး ယခုထက်ပိုမိုအသိအမှတ်ပြုခံရသင့်သည်ဟုလည်း ပြောကြားခဲ့သည်။ 

မက်ဂွိုင်းရားက “အသင်းမှာ ရှိတဲ့ကစားသမားတိုင်းနဲ့ လူတိုင်းက သူ့ကို လေးစားကြပါတယ်။ သူ့လက်အောက်မှာ ကစားသမားတိုင်း ကြိုးစားနေကြတာပါ။ အင်္ဂလန်အသင်းရဲ့ နည်းပြအလုပ်က အရမ်းကိုခက်ခဲပါတယ်။ အင်္ဂလန်နည်းပြအလုပ်က ကမ္ဘာပေါ်မှာ  စောင့်ကြည့်ခံရဆုံးအလုပ်တစ်ခုလည်း ဖြစ် ပါတယ်။ သူ ကစားသမား ရွေးချယ်တဲ့အခါတိုင်း ဝေဖန်မှုတွေ ရင်ဆိုင်နေရတယ်။ သူအမှားတွေ လုပ်တယ်ဆိုတာပြီး ပြောဆိုမှုတွေ ရှိတယ်။ ဒါပေမဲ့ အရင်တုန်းက အင်္ဂလန်အသင်းနဲ့ အခု အင်္ဂလန် ဘယ်လိုကွာခြား သွားပြီဆိုတာကို လူတိုင်းမြင်နေရတာပါပဲ။ ဆောက်ဂိတ်အနေနဲ့ သူလုပ်ခဲ့တာတွေအတွက် အခုထက်ပိုပြီး အသိအမှတ်ပြုခံရသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments