ကိန်းသည် စပါးအသင်းကို စိတ်ကုန်နေပြီး လာမည့်နွေရာသီ အပြောင်းအရွှေ့တွင် လန်ဒန်အခြေစိုက်အသင်းကို ကျိန်းသေစွန့်ခွာတော့မည်ဖြစ်ကြောင်းစကော့တလန်နှင့် ဝက်စ်ဟမ်းအသင်း တိုက်စစ်မှူးဟောင်း ဖရန့်မက်အဗန်နီက ပြောဆိုလိုက်သည်။
စပါးအသင်းသည် ကိန်းကို အခြေခံထားခြင်းဖြစ်ပြီး ကိန်းအသင်းပြောင်းပါက စပါးသည် များစွာ အင်အားလျော့နည်းသွားမည်ဖြစ်ကြောင်းလည်း မက်အဗန်နီက ဆက်လက်ပြောဆိုလိုက်သည်။

အသက် ၂၉ နှစ်အရွယ် အင်္ဂလန်အသင်းခေါင်းဆောင်တိုက်စစ်မှူးသည် လာမည့်နွေရာသီတွင် စပါးနှင့် စာချုပ်သက်တမ်းနောက်ဆုံး ၁၂ လအတွင်းသို့ ဝင်ရောက်မည်ဖြစ်ပြီး စပါးက ၎င်းကို စာချုပ်သက်တမ်းတိုးရန် ကြိုးစားနေသည်။
သို့ရာတွင် သူ့အနေဖြင့်စာချုပ်သစ်တွင် လက်မှတ်ထိုးမည်မဟုတ်ကြောင်း ကိန်းက ရင်းနှီးသော မိတ်ဆွေများကို ထုတ်ပြောခဲ့သည်ဟု သတင်းများထွက်ပေါ်လာသည်။ မန်ယူသည် တိုက်စစ်မှူး စစ်စစ် တစ်ဦးကို ခေါ်ယူလိုနေပြီး တန်းဟက်၏နံပါတ်တစ်ပစ်မှတ်မှာ ဟယ်ရီကိန်းဖြစ်ကာ ကိန်းအနေဖြင့် အိုးထရက်ဖို့သို့ ရောက်လာရန် အလားအလာအများကြီးရှိနေကြောင်း သတင်းများက ဆက်လက်ဖော်ပြသည်။







