မန်ချက်စတာယူနိုက်တက်အသင်းသည် လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ဂျူဗင်တပ်စ် နောက်ခံကစားသမား ဘရေမာအား ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။
မန်ယူအသင်းနည်းပြ တန်ဟက်ဂ်သည် လာမည့်ရာသီတွင် အားနည်းနေသည့် ခံစစ်ပိုင်းကို ပြင်ဆင်သွားရန် စီစဉ်နေပြီး အသက် (၂၇)နှစ်အရွယ်ရှိ ဘရာ ဇီးလ်နောက်ခံကစားသမား ဘရေမာကို သဘောကျနေခြင်းဖြစ်သည်။

ဘရေမာသည် ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၉ ပွဲကစားထားပြီး နှစ်ဂိုး သွင်းယူပေးထားသည်။ ဘရေမာကိုခေါ်ယူရန် ဥရောပ ထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြပြီး ဂျူဗင်တပ်စ်အသင်းနှင့် ချုပ်ဆိုထားသည့် ၎င်း၏လက်ရှိစာချုပ်မှာ ၂၀၂၈ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သည်။
မန်ယူအသင်းသည် လာမည့်နွေရာသီတွင် ဘရေမာအား ကမ်းလှမ်းရန် စီစဉ်နေပြီး ၎င်း၏ပြောင်းရွှေ့ ကြေးမှာ ယူရိုသန်း ၅၀ ဝန်းကျင်ရှိကြောင်း Tuttosport က ဖော်ပြခဲ့သည်။






